ရောမရောက်ရင် ရောမလိုကျင့်ရမည် ဆိုသည့်အတိုင်း ရွာဓလေ့အရ အညိုနံနက်စောစောတွင် အိပ်ယာထဖြစ်ခဲ့သည်။ကြီးကြီးမြက အားနာသဖြင့် ပြန်အိပ်ဖို့အညို့အားပြောသော်လည်း အညိုပြန်မအိပ်ချင်၍ မျက်နှာသစ်၊ကိုယ်လက်သန့်စင်ဆေးကြော ကာ မီးဖိုခန်းထဲသို့ဝင်လာခဲ့သည်။မီးဖိုခန်းထဲတွင်တော့ ကြီးကြီးမြက နံနက်စာအတွက် ထမင်းကြမ်းခဲကို ပဲပြုတ်လေးဖြင့်ကြော်နေလေ၏။
“သားအညို ဒီဟာလေးကြော်ပြီးရင် မနက်စာစားလို့ရပြီ။ အညိုပုဂံသွားချင်ရင် မမြိုင်စီဖုန်းဆက်ပေါ့ မနက်ဖြန် ကြီးကြီးမြအသိ ကျောက်ပန်းတောင်းသွားကြမှာ လိုက်သွားချည် ”
“အော်.. ဟုတ် ကြီးကြီးမြ”
ကြီးကြီးမြ၏ ပဲပြုတ်နှင့်ထမင်းကြမ်းကြော်မှာ ပူပူနွေးနွေးအငွေ့ တထောင်းထောင်းနှင့်အတော့်ပင်မြိန်လှသည်။ထို့အပြင် ငါးခြောက်ဖုတ်ဆီစိမ်လေးမှာလည်း ပဲဆီလေးနှင့် မို့မွှေးလှသည်။အညိုတို့အိမ်တွင် နေ့စဉ်စားနေကျ ကာဖီနှင့်ပေါင်မုန့်ထက်တော့ စားကောင်းသည်မှာအမှန်ပင်။
ထမင်းစားခြင်းအလုပ်ပြီးဆုံးချိန်တွင် ကြီးကြီးမြက ရွာထဲသို့ အလည်လိုက်ပို့ပေးသည်။ကြီးကြီးမြတို့ရွာသည် အိမ်ခြေများများစားစားမရှိသည်မို့ အညိုတို့မြို့ပေါ်လိုမဟုတ်ပဲ အေးအေးဆေးဆေးရှိလှသည်။
“အယ်...အမေ့ ကြီးတော်မြ လာတယ်တော့်”
မျက်နှာထက် သနပ်ခါးပါးကွပ်ကြားနှင့်မိန်းမပျိုလေးက ကြီးကြီးမြကိုမြင်သည်နှင့်တစ်ပြိုင်နက် ကိုင်ထားသော တောင်းအားပြစ်ချကာ အပြေးကလေးဖြင့် ကြီးကြီးမြ၏ညာဖက်လက်အား ဖက်တွယ်ထား၏။
“ဧည့်သည်ကောပါတာလား ကြီးတော်မြ”
“အေး သမီးယဉ်”
“ထိုင်ပါအုံး ကြီးတော် သမီးနွားစာကျွေးနေတာမို့”
“အေးအေး သမီးယဉ် လုပ်စရာရှိတာသာအရင်လုပ်”
ခဏအကြာတွင် ထိုမိန်းမပျို၏ အမေထင်ရသော အမျိုးသမီးကြီးက ရေနွေးကြမ်းဗန်းလေးအားကိုင်ကာ အိမ်ပေါ်ထပ်မှဆင်းလာပြီး ကြီးကြီးမြအား ဝမ်းပန်းတစ်သာနှုတ်ဆက်၏။
YOU ARE READING
ပန်းပန်ရင်နန်းဆန်တယ် (Completed)
Romanceပန်းလေးတွေကလှကြတယ် သူတို့နဲ့လိုက်ဖက်တဲ့သူနဲ့ဆို ပို၍လိုက်ဖက်လှသည်။