အပိုင်း ၁၀

1.3K 99 1
                                    

ယနေ့မနက်သည် အညို့အတွက်တော့ ယခင်နေ့များထက်ပို၍ သာယာနေသည်။

ထရံပေါက်မှတစ်ဆင့် မျက်နှာပေါ်သို့ နေအလင်းရောင်လေးကျရောက်လာသဖြင့် အညိုအိပ်နေရာမှ နိုးသွားရသည်။အညိုနိုးချိန်တွင် အညို့ဘေး၌ အိပ်မောကျနေသော ကိုမော့်အားကြည့်မိသောအခါ အညို့ရင်မှာပလောင်ဆူနေမိသည်။

အညိုအိပ်ယာမှထကာ မျက်နှာသစ်သန့်ရှင်းရေးလုပ်ပြီး ကိုမော့်အားနိုးရသေးသည်။ပြီးနောက် ကိုမော့်အမေက အညိုတို့အတွက်ကြော်ပေးထားသော ထမင်းကြော်အား နှစ်ယောက်အတူစားရ၏။

"အညို ဒီနေ့ရွာမပြန်နဲ့အုံး ကိုယ်လိုက်ပို့စရာနေရာတစ်ခုရှိသေးတယ်"

"ဘယ်ကိုတုန်း"

"ရောက်ရင်သိရမှာပေါ့"

"အင်းပါ"

အညိုတို့ထမင်းစားပြီ မနေ့ညနေက စီးခဲ့ကြသော စက်ဘီးလေးဖြင့် နှစ်ယောက်သား ထွက်လာခဲ့ကြ၏။အညိုတို့လာခဲ့သောနေရာမှာ ဧရာဝတီမြစ်အားအနီးကပ်မြင်တွေ့နေရသော ကမ်းပါးတစ်နေရာ၌ဖြစ်သည်။

ဧရာဝတီမြစ်သည် ကြည်လင်‌ပြီး တသွင်သွင်စီးဆင်းနေလေသည်။ဧရာဝတီမြစ်သည် မြန်မာနိုင်ငံရှိမြစ်များ၌ နာမည်အလှဆုံးဖြစ်လိမ့်မည်ဟု အညိုထင်မိ၏။

မြစ်ကမ်းပါး၌ တံငါလှေအချို့သာရှိ၏။ကမ်းပါးနှင့်မလှမ်းမကမ်းတွင် မန်းကျည်ပင်ကြီးတစ်ပင်သည် ဧရာဝတီမြစ်ကြီးအား မျက်နှာမူထားသကဲ့သို့တည်ရှိနေသည်။

ကိုမော်ကအညို့အား ထိုမန်းကျည်ပင်အောက်သို့ခေါ်သွားပေးသည်။ပြီးနောက် ဧရာဝတီမြစ်အားလှမ်းမျှော်ကြည့်နိုင်မည့်နေရာ၌ ထိုင်စေ၏။ကိုမော်က အညို့ဘေးမှာမတ်တပ်ရပ်နေသည်။

"အညို့ကို ကိုမော်ဒီခေါ်လာတာဟာ ပြောစရာတစ်ခုရှိလို့အညို"

"ဘာပြောစရာရှိနေလို့လဲ ကိုမော်"

"ကိုယ်မပြောခင် အညိုဧရာဝတီမြစ်ကြီးကို အဝကြည့်ပြီး လတ်ဆတ်တဲ့လေလေးကို ခံစားကြည့်ပါအုံး"

အညိုကိုမော်ပြောသည့်အတိုင်း ဧရာဝတီမြစ်ကြီးအားထိုင်ကြည့်နေမိသည်။ဧရာဝတီမြစ်ထဲ၌ ငါးဖမ်းကာ အသက်မွေးနေကြသော တံငါလှေ အချို့အား အညိုမြင်နေရသည်။ပြီးနောက် အညိုမျက်လုံးတို့အားစုံမှိတ်ကာ လတ်ဆတ်သောလေအားတဝကြီးရှူရှိုက်နေမိသည်။

ပန်းပန်ရင်နန်းဆန်တယ် (Completed)Where stories live. Discover now