အပိုင်း ၂၃

772 71 8
                                    

အညိုမျက်လုံးစတင်ပွင့်ချိန်တွင် အညို့တစ်ကိုယ်လုံးသည် နာကျင်ကိုင်ခဲနေလေ၏။မနေ့ကအကြိမ်ပေါင်းများစွာရေခပ်မှုနှင့်ညကကိုမော်နှင့်အတူ ခရီးရောက်ခဲ့မှုတို့ကြောင့်ဖြစ်၏။

အညိုနိုးလာချိန်တွင် အညိုသည်တစ်စုံတစ်ယောက်၏ ရင်ခွင်ကျယ်ထဲ၌ ရောက်နေလေသည်။ကိုမော့်ရင်ခွင်ထဲမှ အညိုမြင်တွေ့နေရသော ကိုမော်၏မျက်နှာမှာ ဆွဲဆောင်မှုရှိလှ၏။ယောက်ျားတစ်ယောက်၏ဆွဲဆောင်မှုအရှိဆုံးအချိန်သည် မည်သည့်အချိန်ဖြစ်သနည်း။

အညိုနိုးကာရွစိရွစိလုပ်မှုတို့ကြောင့် ကိုမော်၏မျက်လုံးများမှာတဖြည်းဖြည်းချင်းပွင့်ဟလာသည်။ကိုမော့်အားစိုက်ကြည့်နေသော အညိုသည်ရုတ်တရက်ဆိုသလို ခေါင်းလေးအား ငုံ့လိုက်မိ၏။

မွ!

နဖူးထက်သို့ကျရောက်လာသော လှပသောအနမ်းတစ်ပွင့်။ကမ္ဘာပေါ်တွင်အနွေးဆုံးအနွေးဓာတ်၊အနုညံ့ဆုံးပိုးသားကဲ့သို့ရှိ၏။

ထို့နောက်ကိုမော်သည် သူ့လက်ပေါ်တွင်ရှိသောအညို့ခေါင်းအား အသာကိုင်ကာ အညို့ကို ကျောပေးကာ ထရံဖက်သို့လှည့်သွားလေသည်။ထိုအချိန်သည် အညို့ရင်ထဲ၌ဗလာဖြစ်ကျန်ခဲ့စေသည်။

တစ်ကိုယ်လုံးညောင်းကိုက်နေသော်လည်း ကျောင်းပိတ်ရက်မဟုတ်သည့်အတွက် အညိုဘုန်းကြီးကျောင်းသွားရန်ပြင်ဆင်ရပေအုံးမည်။အညိုဘုန်းကြီးကျောင်းမသွားခင်ပြင်ဆင်ရသည်မှာလွန်စွာကြာတတ်၍ စောစောထရသော်လည်း ယနေ့တွင်တော့ အလွန်နောက်ကျနေသည်မို့အမြန်ပြင်ဆင်ရ၏။

အညိုပြင်ဆင်ပြီးသည့်အချိန်ထိ ကိုမော်မနိုးလာသေး။ထို့အတွက်ကြောင့် အညိုဘုန်းကြီးကျောင်းသို့သွားရန်မှာ နောက်ဆံတင်းရပေသည်။

လွန်စွာနောက်ကျနေသဖြင့် ရွာလည်လမ်းကမသွားတော့ဘဲ ရွာပတ်လမ်းကသာထွက်ခဲ့ရသည်။ခါတိုင်းတွင် ရွာပတ်လမ်းမှသွားလျှင်နီးသော်လည်း ရွာထဲမှကလေးတစ်ချို့နှင့်အတူသွားချင်၍သွားသော်လည်း ယနေ့တွင်တော့အဆင်ပြေသလိုသာလုပ်ရ၏။

...........................................................................

ဘုန်းကြီးကျောင်းသို့ရောက်ချိန်တွင် ဘုန်ကြီးကျောင်းဝန်းထဲ၌ ဆူညံသံတို့မကြားရ၊တိတ်ဆိတ်၍နေသည်။ခါတိုင်းအချိန်တွင် စာလာသင်သော ကလေးများ၏ ဆော့ကစားသံမှာဘုန်းကြီးကျောင်းဝန်းတစ်ခုလုံးကိုပဲ့တင်ထပ်လျက်ရှိပြီး ယခုတွင်တော့ ထိုအသံများအစား ငှက်ကလေးများ၏အော်သံကိုသာကြားနေရ၏။

ပန်းပန်ရင်နန်းဆန်တယ် (Completed)Where stories live. Discover now