(အပိုင်း ၅)
ကျွန်မ ချစ်ရလေသော တေးသီစစ်သည်(အခန်း ၈)
ဆူပုပ်ပုပ်မျက်နှာလေးဖြင့် နန်းချိုတစ်ယောက်
ဆိုင်ထဲကို ဝင်လာခဲ့လေသည်။ဟင်………ကောင်တာမှာ မေမေပါ့လား။
နန်းချို ကျောချမ်းသွားရလေပြီ။မေမေ့မျက်နှာ
မှာလည်း ဒေါသပုန်ထမည့် အလားအလာကိုတွေ့
နေရလေသည်။"ဟဲ့ အငယ်မ ညည်းဘယ်ကပြန်လာတာလဲပြော"
"ဟို ဟို သစ်သီးပို့ကပြန်လာတာပါ အမေ
ဒီ ဒီမှာ ပိုက်ဆံပါ"ကြောက်ကြောက်ဖြင့် အမေဖြစ်သူထံ ပိုက်ဆံလေးကို ပေးလိုက်ရသော အဖို့ အခြေအနေပုံမှန်မဟုတ်ကြောင်း ရိပ်စားမိသည်။
"သမီးငယ်ရယ် ညည်းနော် ညည်း
ဟွန်း ငါ မဆူချင်ဘူး ဘယ်နှယ့်
အစ်မဖြစ်သူကို နည်းနည်းလေးမှ မသနား
ညည်းဆယ်တန်းတုန်းကလည်း သူ့ခမျာ
ဟိုကချေးငှား ဒီကယူဆပ်လုပ်ရင်း ပင်ပင်
ပန်းပန်းထားခဲ့ရတာ ဟော အခု ဆယ်တန်း
အောင်လို့ ကျောင်းပြီးခါစမို့ အမေရယ်
ညီမလေးကို နားပါစေအုံးဆိုလို့ ငါလွှတ်ထားတာ
အခုတော့ ညည်းက စားလိုက်အိပ်လိုက်ပေါ့ပေါ့လေး
ဘဲ နေနေတော့ ညည်း ညည်း အစ်မ အစ်မဖြစ်ကို
နည်းနည်းလေးလောက် သနားပါအုံးလား ဟမ်""အို မေမေရယ် ဟို မမဘာဖြစ်လို့လဲဟင်"
"ဘာဖြစ်လို့လဲဟုတ်လား မနက်က
ညည်းအစ်မ မူးလဲတယ်လေ တော်ပါသေးရဲ့
မောင်ကိုဇင်လေးရှိလို့သာပေါ့""ရှင် ဒါဆို မမကောဟင်"
"အိမ်မှာ မနည်းကို နားချပြီး
အနားယူထားခိုင်းရတယ်……ဟယ် ဟဲ့
သမီးငယ် အို ဒီတဇောက်ကန်းမလေးက
တစ်မှောင့် ဟင်း"ပြောနေဆဲစကား မဆုံးသေးခင် လွှတ်ခနဲ
ထွက်သွားသော သမီးဖြစ်သူ၏ နောက်ကျောကို
ကြည့်ကာ ဒေါ်နန်းခင် တစ်ယောက်ထဲဖြင့်သာ
စကားတွေတီးတိုးရေရွတ်နေခဲ့ရလေသည်။လမ်းပြင်မကျယ်မကျဉ်းအထက်တွင်
ကလေးမလေးတစ်ယောက် အရှိန်မြင့်စွာ
ပြေးနေရှာလေသည်။