"ကိုကို" မချစ်ဘူးမပြောပါနဲ့ (U)

4.2K 726 105
                                    

ညနေ ၅ နာရီဆိုသည့်အချိန်က နေလုံးကို ပင်လယ်နောက်သို့ တဖြည်းဖြည်းဆွဲချနေသည့်အချိန်။ မှောင်စပျိုးလာသည့်မြို့ကို အပေါ်စီးမှမြင်နေရပြီး လမ်းမီးတိုင်များကတော့ ထွန်းလင်းမလာကြသေးပေ။

လက်ထဲမှစီးကရက်တိုကို လက်ညှိုးဖြင့်တောက်ကာ ပြာခြွေချလိုက်ရင်း သူနာနာကျင်ကျင်ပြုံးလိုက်မိသည်။ မြို့နယ်အားကစားရုံ၏ ခေါင်းမိုးထပ်တွင် ခြေထောက်တွဲလောင်းချထိုင်နေရင်း စီးကရက်ကိုဖွာရှိုက်ကာ နေဝင်ချိန်ကိုငေးရသည့်အရသာသည် အရင်ကနှင့်လုံးဝမတူတော့ပါ။

အင်းလေ... မတူဆို ကိုကိုမှမရှိတော့ဘဲ...

သူ့အနားမှာ ကိုကိုမရှိတော့သည့်အချိန်မှစ၍ သူ၏နေ့စဉ်လုပ်ငန်းဆောင်တာတို့သည် ကမောက်ကမနှင့် ခံစားချက်ဟူသမျှ ပျက်ယွင်းခဲ့ရပြီးပြီမဟုတ်လား။

အခုပဲကြည့်လေ။ သူဒီနေရာမှာ ဒီလိုထိုင်နေရသည်ကိုက   ပျက်ယွင်းနေသည့် လုပ်ငန်းဆောင်တာတစ်ခုဖြစ်နေသည်။ ခါတိုင်းဆိုလျှင် ဒီခေါင်မိုးစွန်းမှာ ခြေထောက်တွေကို အောက်ကိုတွဲလောင်းချပြီးထိုင်နေကျလူက ကိုကိုဖြစ်သည်။ သူကတော့ ကိုကို့ပေါင်ပေါ်ခေါင်းအုံး၍ ပက်လက်လှဲအိပ်မည်။ စီးကရက်တစ်လိပ်ကို တစ်လှည့်စီဖွာရှိုက်ရင်း နေ့စဉ်ကြုံရသမျှတွေ ကိုကို့ကို complain တက်၍ တိုင်တန်းမည်။ ကိုကိုက သူ့ဆံပင်တွေကိုထိုးဖွရင်း "ဒီကိစ္စမှာ ကေး မှန်တယ်" ဟုပြောလိုက်သည်နှင့် နောက်ကျိနေတာတွေအကုန်ပျယ်လွင့်သွားရပြီး ချက်ချင်းအကြည်ဓာတ်ဝင်လာသည့် ကိုကိုရဲ့ "ကေးပုစိ" လေးဖြစ်သွားရတော့သည်သာ။

"ကေးပုစိ" တဲ့။ ကိုကို သူ့ကိုအသည်းယားသည့်အခါတိုင်း ခေါ်တတ်သည့်နာမ်စား။ သူ့အိမ်ခေါ်နာမည် "ကေးကေး" ကို ကိုကိုက ကေး ဟု တစ်လုံးတည်းခေါ်သည်။ လူတွေရှေ့ရောက်လျှင် ကေးကေးဟု ခေါ်တတ်ပြီး လူမမြင်ကွယ်ရာဆိုလျှင်တော့ "ကိုကို့ရဲ့ ကေးပုစိ" တဲ့လေ။

စီးကရက်တိုကို ထိုးချေပစ်လိုက်ပြီး သူရယ်မိသည်။ သူ့ရယ်သံက အနည်းငယ် အက်ကွဲနေ၏။ တကယ်တော့ "ကေးပုစိလေး" ဟု ခေါ်ရလောက်အောင် သူ့ခန္ဓာကိုယ်က သေးကွေးမနေခဲ့ပါ။ ကိုကို့ထက် နည်းနည်းလေး နိမ့်ရုံကလွဲလျှင် သူသည်လည်း အရပ် ၆ ပေနီးပါးပင်။ အားကစားလုပ်ပြီး ဘောလုံးကန်တာလည်း ဝါသနာပါသဖြင့် သူ့၌တော်သင့်ရုံ ကြွက်သားအဖုအထစ်တို့လည်းရှိသေး၏။ သို့သော် ကိုကိုအသည်းယားသည့်အခါတိုင်းတွင်တော့ ပုခုံးပေါ်စွေ့ခနဲ ကောက်ထမ်းခံရသည့် ကိုကိုရဲ့ "ကေးပုစိလေး" ဖြစ်သွားရတတ်စမြဲပင်။

ကိုကို Enjoyers Series 💓Where stories live. Discover now