Chapter 4 ( That woman)

20 3 0
                                    

ဓားနဲ့ စဉ့်နီတုံး ထိခတ်သွားသံက တချောက်ချောက် ထွက်ပေါ်နေတယ်။ ဒီအသံကြောင့်သာ ကျွန်မရဲ့ စိတ်အာရုံက ပစ္စုပ္ပန်ကနေ လုံး၀ကြီး မကင်းကွာနိုင်သေးတာ ဖြစ်တယ်။

ကျွန်မ မျက်၀န်းတွေမှာ တွဲလဲခိုနေတဲ့ မျက်ရည်ဥတွေရဲ့ လက်သည်တရားခံက ကျွန်မအခု လှီးဖြတ်နေတဲ့ ကြက်သွန်နီ ကြောင့်ပါလို့ ကျွန်မ ကိုယ့်ဘာသာကိုယ် အယူခံ၀င်နေမိတယ်။

ခဏအကြာမှာ ကျွန်မ ပါးပြင်ထက်ကို မျက်ရည်စီးကြောင်းလေး တစ်ခုက ဖြတ်သန်း စီးဆင်းသွားတယ်။

ဒါပေမဲ့ ကျွန်မရဲ့ မျက်လုံးတွေက စပ်ဖျင်းဖျင်း မဖြစ်နေခဲ့ပေမဲ့ ကျွန်မ ရင်ဘတ်တစ်ခုလုံးကတော့ တစ်စုံတစ်ယောက်ထံမှ ဆုပ်ညှစ်ခြင်း ခံထားရသလိုပါပဲ။

ကျွန်မ သူ့အတွက် ညစာကို ဆက်လက်ပြင်ဆင်နိုင်ဖို့ အတွက်တောင် ကျွန်မမှာ ခွန်အားမကျန်ရှိတော့တာကြောင့် ပွစာကြဲနေတဲ့ ကြက်သွန်တွေကို လျစ်လျူရှုပြီး ဘေစင်မှာ လက်ဆေးလိုက်တယ်။

ဒါ ကျွန်မ ဘ၀မှာ အိမ်ရှင်မ တစ်ယောက်ရဲ့ တာ၀န်ကို ပျက်ကွက်ဖူးတာ ပထမဆုံးအကြိမ်ရယ်တော့ မဟုတ်ပါဘူး။

ပညာရေး တစ်ဖက်၊ အိမ်ထောင့်တာ၀န် တစ်ဖက်နဲ့ ရုန်းကန်နေရတဲ့ အိမ်ရှင်မ တစ်ယောက်ဟာ ဘယ်အရာကို ပိုဦးစားပေးသင့်လဲ ဆိုတဲ့ ခေါင်းစီးဟာ "အပြန်အလှန် နားလည်ပေးမှု" ကို အုတ်မြစ်တည်ထားတဲ့ ကျွန်မတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေး အတွက် ခလုတ်ကသင်း မ‌ဆိုထားနဲ့၊ အဖုအထစ်‌လေး တစ်ခုကိုတောင် မဖြစ်စေနိုင်ခဲ့ပါဘူး။

ကျွန်မတို့ နှစ်ယောက် အတူ အိပ်စက်ရာ မွေ့ယာထက်ကို ခြေပစ်လက်ပစ် လှဲချလိုက်မိတယ်။ မီးဖိုချောင် ကနေ အိပ်ခန်း ဆီကို လာဖို့ လှမ်းခဲ့ရတဲ့ တစ်ရာတောင် မပြည့်တဲ့ ခြေလှမ်းတွေက ကျွန်မကို အခုတော့ မောဟိုက်စေလိုက်တာ။

ရုတ်တရက် ကျွန်မရဲ့ မျက်၀န်းတွေဟာ မျက်နှာချင်းဆိုင် နံရံပေါ်မှာ ရှိတဲ့ ကျွန်မတို့ နှစ်ယောက်ရဲ့ မင်္ဂလာဓာတ်ပုံ‌ပေါ်ကို ကျရောက်သွားတဲ့အခါမှာ မွေ့ယာထက်မှာ လူးကာလွန့်ကာ ယောက်ယက်ခတ်နေတဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ဟာလဲ ရုတ်ချည်း ငြိမ်ကျသွားတယ်။

You've reached the end of published parts.

⏰ Last updated: Dec 13, 2023 ⏰

Add this story to your Library to get notified about new parts!

တို့များ ချစ်ခြင်းမေတ္တာအကြောင်း ပြောကြတဲ့အခါ...Where stories live. Discover now