အပိုင်း [၅]

23 4 3
                                    

[၅]

ဆေးပေးခန်းကို မနေ့က မသွားဖြစ်ခဲ့၍ ဒီမနက် အစောကြီး သူထထွက်လာခဲ့သည်။အမေလေး ညမအိပ်ခင်က ကြော်ပေးထားတဲ့ ထန်းလျက်ကြော်ရယ်..ငါးရံ့ခြောက်ဖုတ်ရယ်ကို စတီးလ်ချိုင့်လေးထဲထည့်ပြီး သူ ခြေကုန်သုတ်လာခဲ့သည်။ဒီလိုမှပဲ ဟိုလူ သူ့မမှီတော့မှာ။

"နုံး...ကိုယ့်ကိုစောင့်ဦး..!!"

ကန်သင်းလမ်းကူးမှာ သူအတွေးများနေခိုက် ထိုလူမှီလိုက်လာ၏။

"စောင့်ဦး နုံး"

"လာပါလားဗျာ..ကိုယ့်ခြေထောက်နဲ့ ကိုယ်ဟုတ်ဘူးလား"

ဘယ်လိုပဲနေနေ ပြီးတော့လည်း ကိုယ်ပဲ ရပ်စောင့်ပေးလိုက်ရတာပင်။

"ဒေါ်ဒေါ်က မင်းကိုဆူနေတယ်၊ဧည့်သည်ကို ထားခဲ့လို့တဲ့"

ကောက်ရိုးနွယ် တအုံ ကုန်းဆွဲနှုတ်နေတုန်း အနားကပ်ထိုင်ရင်းပြောလာတဲ့ စကားကြောင့် သူ့မှာ အူတက်မတတ်။

"မရီနဲ့..ကိုယ်တကယ်ပြောနေတာ"

"ဟုတ်ပါပြီ"

အမေလေး ဆိုတာ ဘယ်လိုလဲ သူသိပြီးသား။ဆူဖို့ဝေလာဝေး လေသံမာမာနဲ့တောင် ပြောဖူးတာမဟုတ်။ဒီအရွယ်ထိအမေလေးဆီက ချိုသာညံ့သက်တဲ့စကားသံကိုပဲ ကြားခဲ့ရတာ။

"ကျုပ်ကို မကြည့်နဲ့..အောက်လမ်းကိုကြည့်"

"အင်း"

ဆေးခန်းက ရွာနှင့် တခေါ်စာလောက်ဝေးပါ၏။မိုးရာသီ လယ်ကွင်းတွေ ရေလျှံချိန် လမ်းပျောက်တတ်ပေမဲ့ ဒီလိုအချိန်ကျရင်တော့ ထိုးထိုးထောင်ထောင် ရိုးပြတ်ကြားထဲက လမ်းကျဥ်းလေးသည် ပြောင်တလင်းထအောင် ဖြောင့်ဖြူးနေပေ၏။

"ဝေးသေးလား နုံး"

"ဟိုးမှာလေ...!"

လေယူရာ ယိမ်းနွဲ့နေသည့် အရွက်ဖားဖား ငှက်ပျောတောကြီးကို သူကြည့်ရင်းစိတ်ထဲ အလွန်ပျော်သွားမိ၏။ဘာလို့ဆို မင်းသိဒ္ဓိ ငှက်ပျောသီး သိပ်ကြိုက်တယ်လေ။စိမ်းစိမ်းစိုစိုနဲ့ အရွက်တွေကလည်း သိပ်လှတယ်။

ရေမဝင်အောင် ဖို့ထားတဲ့ မြောင်းဘောင်ကြီးတွေပေါ်ကနေ ခင်းထားတဲ့ ထန်းပြားလေး တပြားပေါ်  နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့် ကူးဖြတ်ပြီးမှ ပျဥ်းမပင်ကြီးတွေ ၊ တမာပင်ကြီးတွေ အုံ့ဆိုင်းနေတဲ့ တဲသာသာ ဆေးခန်းလေးဆီ ရောက်တော့သည်။

"ကမ်းနီး...အလွမ်း ၊ ကမ်းဝေး...မေတ္တာ" [Ongoing]Where stories live. Discover now