Chapter-5

13.2K 2K 119
                                    

(Unicode)

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်။

နေ့လည်အချိန် ကန်တင်းတွင် တမှူး၊ စီနီယာနေရင့်ရောင်၊ နယုန်နှင့်ဝသုန်တို့ နေ့လည်စာ အတူးစားနေကြသည်။ စီနီယာက ယခုနောက်ပိုင်း တမှူးတို့နှင့်အတူ နေ့လည်စာ လာစားလေ့ရှိသည်မှာ တစ်ပတ်ခန့်ပင်ရှိပြီဖြစ်သည်။ ဤအချိန်တစ်ပတ်သည်ပင် စီနီယာနှင့် တမှူးတို့အကြားခင်မင်ရင်းနှီးမှု ပို၍ တိုးလာစေခဲ့သည်။

"ကောင်လေး မနက်ဖြန် ကျောင်းပိတ်ရက် ကောင်လေးတို့ အားလား"

စီနီယာကမေးလာ၍ အားလုံး စီနီယာ့ထံအကြည့်ရောက်သွား၏။

"ကျွန်တော်ကတော့ အားပါတယ်၊ ဘာကိစ္စရှိလို့လဲ စီနီယာ"

"မနက်ဖြန် ကိုယ်သူငယ်ချင်းတစ်ယောက်က သူ့မွေးနေ့အတွက် ဆေးရုံမှာ လူနာတွေ၊ လူနာစောင့်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် အဟာရဒါနသွားပြုချင်လို့တဲ့၊ အဲ့ဒါ ကိုယ်တို့ လုပ်အားပေးလိုက်သွားမလို့၊ ကောင်လေးတို့ အားရင်လိုက်ခဲ့ပါလားလို့"

နယုန်နှင့်ဝသုန်က မျက်နှာလေးငယ်သွားကြ၏။

"ညီမတို့က မနက်ဖြန် သင်တန်းရှိတယ်"

ဟုတ်ပါသည်။ နယုန်နှင့် ဝသုန်က စနေပိတ်ရက်တွင် ကိုရီးယားစကားပြောသင်တန်းတက်နေကြသည်။ တမှူးလည်း လိုက်တက်ချင်သော်လည်း အိမ်က စိတ်မချ၍ မတက်ခိုင်း။ နယုန်နှင့်ဝသုန်က မလိုက်ဖြစ်တော့ စီနီယာက တမှူးဘက်သို့ ကြည့်လာ၏။ တမှူးခေါင်းညိတ်လိုက်သည်။

"ကျွန်တော် လိုက်မယ်လေ စီနီယာ၊ အဲ...ဒါပေမဲ့ အိမ်က လွှတ်မှ ရမှာ"

စီနီယာက သဘောတကျ ပြုံးသည်။

"ဒါဆို ကိုယ်ညနေကျရင် ကောင်လေးနဲ့ တစ်ခါတည်း အိမ်ထိလိုက်ပြီး ခွင့်တောင်းပေးမယ်လေ"

"အာ...စီနီယာ သက်သက်ပင်ပန်းလိမ့်မယ်"

"ရပါတယ်၊ ကောင်လေးအိမ်လည်း လိုက်လည်ပြီး ဖြစ်သွားတာပေါ့"

နယုန်နှင့် ဝသုန်က တစ်ယောက်နှင့် တစ်ယောက် လက်တံတောင်ချင်းတွတ်လျက် ခိုးရယ်ကြသည်။

I ADORE YOU. (COMPLETED)Where stories live. Discover now