Chapter-32

9.4K 1.5K 82
                                    

(Unicode)

ဆေးရုံထဲဝင်လိုက်သည်နှင့် အဲကွန်းအအေးဓာတ်က စိမ့်နေသည်။ Private ဆေးရုံဖြစ်သဖြင့် ယခင်သွားခဲ့ဖူးသော ပြည်သူ့ဆေးရုံလို ဆေးနံ့များနှင့် မွှန်ထူမနေ။ လူနာ၊ လူနာစောင့်များလည်း သိပ်မများချေ။ အမှိုက်တစ်စမရှိ၊ ကွမ်းတံတွေးမရှိ ရှင်းလင်းနေသောလျှောက်လမ်းထက် မေမေ့နောက်မှ လမ်းလျှောက်လာရင်း ဆေးရုံနှစ်ခုကို တမှူးယှဥ်ကြည့်မိနေသည်။ ငွေသည် အရာရာမဟုတ်ဟုဆိုသော်လည်း ငွေသည်နေရာတိုင်း၌ စကားပြောသည်မဟုတ်ပါလား။

ဖေဖေအလုပ်မအား၍ လူနာသတင်းမေးသွားချင်သော မေမေက တမှူးအားလိုက်ပို့ခိုင်းသည်။ မေမေ့မိတ်ဆွေဆိုသော အန်တီ​ကြီးဆေးရုံတက်နေရာ အခန်းထဲသို့ ဝင်ဝင်ချင်း လူနာကုတင်ဘေးတွင်ထိုင်ကာဖုန်းကြည့်နေသော အန်တီကြီးတစ်ဦးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်။

"ဟယ်...မမရေ၊ အလုပ်မအားဘူးဆို၊ တကယ်အကြောင်းမကြားဘာမကြားရောက်ချလာတာဘဲ"

"မလာလို့ရမလား ကျော့ရယ်၊ ဒီလူတွေပဲကို၊ ချိုချို သက်သာရဲ့လား"

ချိုချိုဟုအခေါ်ခံရသော ကုတင်ပေါ်မှ အန်တီကြီးက မေမေ့ကို ပြုးပြရင်း

"သက်သာပါတယ် မမရေ၊ ဆီးချိုရှိမှန်းသိသိရက်နဲ့ အစားအသောက်မဆင်ခြင်ဖြစ်သွားတယ်၊ ဒါလေးက မမသားလေးလား"

"ဟုတ်တယ်၊ တစ်ယောက်တည်းရှိတာလေ၊ အခုမြန်မာစာပထမနှစ်တက်နေလေရဲ့"

အန်တီကြီးနှစ်ယောက်လုံးကပြုံးပြ၍ တမှူးလည်း တစ်ယောက်စီလှည့်ပြုံးပြလိုက်သည်။ ထို့နောက် လူကြီးတွေက အချင်းချင်းစကားစမြည်ပြောကြသည်။

အမျိုးသမီးတို့သဘာဝအတိုင်း ဟိုဟိိုသည်သည်ပြောကြရင်း တမှူးက လူငယ်ပီပီဘက်ပဲ့နေသည်။ အတန်ကြာတော့ အတော်ပျင်းရိလာသည်။ မကောင်းတက်၍ ​ငြိမ်ငြိမ်လေးထိုင်နေသော်လည်း ခြေလက်များက ဂဏာမငြိမ်၊ ဖုန်းသုံးချင်နေသည်။ စီနီယာ့ဆီဖုန်းဆက်ချင်သည်။ စီနီယာက မနေ့ကပြောသည့်အတိုင်း ယနေ့လည်း ကျောင်းမတက်။ လူမတွေ့ရ၍ အသံလေးကြားချင်နေသည်။

မသင့်လျှော်သော်လည်း မေမေမြန်မြန်ပြန်ဖို့ စိတ်ထဲမှ ဆုတောင်းနေမိသည်။ တမှူး ဆုတောင်းပြည့်ပါသည်။ မေမေ့ထံမှ အိမ်အလုပ်လေးတွေရှိလို့ ပြန်လိုက်ဦးမည်ဟူသော စကားကြားသည်နှင့် တမှူးက မတ်တပ်ရပ်ပြီးဖြစ်သည်။ အပြန်အလှန်နှုတ်ဆက်စကားပြောနေကြချိန်တွင် တံခါးကို ဖွင့်ကာ အပြင်သို့ ခန္ဓာကိုယ်တစ်ဝက်ထွက်လိုက်ပြီးဖြစ်သည်။ မေမေတို့က နှုတ်ဆက်ခြင်းကိုပင် တရှည်တလျား ဖွဲ့နွဲ့နေကြပြန်သည်။ မနေနိုင်တော့သည့် တမှူးခေါင်းက အခန်းအပြင်သို့ ပြူထွက်နေသည်။ ထိုစဥ်...

I ADORE YOU. (COMPLETED)Where stories live. Discover now