Chapter-36

10.1K 1.6K 213
                                    

(Unicode)

ဝူဘအရုပ်ကြီးကိုပိုက်လျက်ရိုက်ထားသောပုံလေးကို အထပ်ထပ်ကြည့်မိရင်း သူပြုံးနေရသည်။ အရုပ်ထက် ယုန်ပေါက်က သူ့အတွက် ပိုပြီး ချစ်ဖို့ကောင်းနေသည်မှာ ငြင်းမရ။ ယုန်ပေါက်က အရုပ်ကြိုက်တတ်တယ်လား။ နောက်ပြီး ဒီဝူဘအရုပ်ကို ယုန်ပေါက်ဝယ်လာခဲ့တာလား။

ဒီနေ့ကိုကိုနဲ့ ယုန်ပေါက် ဟော့ပေါ့ဆိုင်သွားကြတာသူသိသည်။ ယခင်က ကိုကိုနှင့်သူလည်းအတူတူသွားစားလေ့ရှိသော်လည်း ယခုရက်ပိုင်း သူခဏခဏမောနေ၍ မသွားဖြစ်တာကြာပြီ။

စားပွဲပေါ်တွင် တင်ထားသော ပုံစံတူ၍ အရောင်သာကွဲသော Dream Catcher လေးနှစ်ခုကိုကြည့်မိရင်း သူထပ်ပြုံးရပြန်သည်။ ဒီနေ့တစ်နေကုန် ထို Dream Catcher လေးနှစ်ခုကို သူအပတ်တကုတ်ကြိုးစား၍ လုပ်ရင်း အချိန်ကုန်ခဲ့ရသည်။ မိမိလက်နှင့် စီရင်သော ပစ္စည်းလေးကို ယုန်ပေါက်ကို ပေးဖို့ရာ စဥ်းစားထားသဖြင့် စိတ်ထဲ ကြည်နူးနေမိသည်။

သို့သော် စိတ်ဆောင်ရာမလိုက်နိုင်သော သူ့၏ ခန္ဓာကိုယ်ကတော့ လူကို ခေါင်းထဲမူးနောက်နောက်ဖြစ်နေစေကာ နှလုံးအားနည်းသလို ခံစားနေရသည်။ ရေနစ်သူဝါးကူထိုးသည့် နောက်ဆက်တွဲရောဂါဆိုးများကလည်း အရွယ်ရောက်လာသည်နှင့်အမျှ သူ့ကို ရိုက်ခတ်လာသည်။

ယုန်ပေါက်ပုံလေးကို အသည်းပေးကာ save ယူလိုက်သည်။ ထို့နောက် အသက်ကိုဖြည်းညှင်းစွာရှူရင်း နေရာမှ ထရပ်မိသည်။

သူဆေးသောက်ရမည်။

ထိုခဏ ရုတ်တရတ် စူးအောင့်လာသော ရင်ဘက်ကြောင့် သူလက်ဖြင့် ရင်ဘက်ကို ဖိထားလိုက်မိသည်။ တဖြည်းဖြည်း ခက်ခဲလာသော အသက်ရှူခြင်း...။ မြန်ဆန်လာသော နှလုံးခုန်သံ...။ ထို့နောက် အောက်စီဂျင်အပြည့်အဝမရတော့သော အဆုပ်များက ရင်ဘက်တစ်ခုလုံးကို တင်းကြပ်လာစေသည်။ စားပွဲခုံစွန်းကို လက်ဖြင့်ကိုင်ရင်း လဲမကျသွားဖို့ ကြိုးစားထိန်းလိုက်ရသည်။ "ကိုကို" ဟုခေါ်ဖို့ ကြိုးစားမိပေမယ့် အသံက ထွက်ကျမလာ။ သို့သော် ကိုကိုကတော့ ခံစားမိခဲ့ပါရဲ့။

တောင်...။

"ညီညီ"

စာဝင်သည့် noti သံလေးနှင့်အတူ ကိုကို၏ ခေါ်သံအောက်တွင် သူစိတ်ချလက်ချ အသိစိတ်တို့ကို လွှတ်ပေးလိုက်တော့သည်။

I ADORE YOU. (COMPLETED)Where stories live. Discover now