| 𝖳 𝗐 𝗈

936 166 50
                                    

-𝙐𝙣𝙞𝙘𝙤𝙙𝙚-

ဘေးကို ချပေးလာတဲ့ ပေါင်မုန့်မီးကင်နဲ့ အငွေ့အနည်းငယ် ထ,နေသေးသည့် နို့ခွက်ကို မြင်တော့ သူက ဖတ်လက်စ ဖြစ်နေသော အင်္ဂလိပ်ဖတ်စာအုပ်ကို လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တဲ့ မိခင်ဖြစ်သူကို တစက်တောင် မကြည့်ဘဲ ပေါင်မုန့်မီးကင်အား ဘေးသားတွေကနေ တစ်လှည့်စီ ကိုက်စားနေ၏။

" မနေ့ညက သားဖေဖေ ဖုန်းဆက်တယ်။ သူ ပြန်လာတဲ့အခါ ဘာဝယ်ပေးခဲ့ရဦးမလဲတဲ့။ သားလိုချင်တာရှိရင် ဖုန်းဆက်လိုက်ပါတဲ့ရှင်။ "

စိတ်မဝင်စားချင်ဟန်ဆောင်နေတဲ့ မျက်လုံးဝိုင်းလေးတွေက လက်ခနဲ ဖြစ်သွားတာကို မြင်လိုက်တာမို့ မိခင်ဖြစ်သူက ကြိတ်ပြုံး၏။ အခုထိ ဟိုတစ်နေ့တုန်းက ကိစ္စကို အခဲမကျေသေးတဲ့ ကောင်လေးက သူ(မ)ဘာပြောပြော ခေါင်းညိတ်၊ ခေါင်းခါသာ လုပ်ပြသည်။ ယခုတွင်လည်း ခေါင်းကလေးသာ ညိတ်ပြပြီး စားစရာရှိတာကို စားနေသည်။

" ကဲပါ ... မေမေ မုန့်အသစ်တွေ အများကြီး ထပ်ဝယ်ပေးမယ်၊ ဟုတ်ပြီလား ? "

သူ(မ)တို့၏ သားသားငယ်က အစားအသောက်မက်သည့် ကလေး မဟုတ်။ သရေစာဆိုလျှင် ပိုလို့တောင် ဆိုးသည်။ ငယ်ငယ်လေးကတည်းက အကျင့်လုပ်ပေးထားတာမို့ အိမ်က ကျွေးမှသာ စားတာများ၏။ ကောက်နေတာကလည်း တခြားမဟုတ်။ ဂျုံဆောင်း လာပေးသွားတဲ့ မုန့်တွေကို မစားဘဲ သိမ်းထားမဲ့တူတူ ဘေးအိမ်က ကလေးလေး အလည်လာတုန်း တစ်ထုပ်စ၊ နှစ်ထုပ်စ ယူပေးလိုက်မိသည်။ ဖြစ်ချင်တော့ သားသားငယ်ကလည်း ကျောင်းသွားနေတဲ့အချိန်မို့ ခွင့်မတောင်းလိုက်မိ။ အဲ့တာကို သည်နေ့အထိ စကားမပြောဘဲ ကောက်တော်မူနေခြင်း ဖြစ်သည်။

ပုံမှန်ဆို ကလေးလေးတွေ မြင်တာနဲ့ သူ စားမဲ့မုန့်တောင် မရမက ဖဲ့ပေးတတ်သည့် သားသားငယ်က ယခုတွင်တော့ ဂျုံဆောင်း ပေးသွားသည့် မုန့်တွေအား လုံးဝကို အထိမခံတာပင်။

" နောက်ဆို သားသားငယ် မသိဘဲ မေမေလည်း မပေးတော့ဘူးလေ။ စိတ်မကောက်နဲ့တော့နော်။ "

" စိတ်ကောက်တာ မဟုတ်ပါဘူးနော်။ "

ကောက်တယ်လို့ ပြောတော့လည်း မကြိုက်ချင်။ စိတ်ကောက်တာ မဟုတ်တဲ့အကြောင်း တစ်ခွန်းသာပြောပြီး မနက်စာပဲ အာရုံစိုက်ကာ စားနေကတည်းက ကောက်စိန်လေး လုပ်နေမှန်း အသိသာကြီး မဟုတ်ပေလား။ သို့သော် သူ(မ)သည် ငဂျစ်ကလေးနဲ့ ပြိုင်၍ မငြင်းမိ။

𝖡𝖾𝗒𝗈𝗇𝖽 𝖳𝗁𝖾 𝖲𝗂𝗆𝗉𝗅𝗂𝖼𝗂𝗍𝗒 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now