အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )

51 1 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၉၈

( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )

ညနေပိုင်း...

တစ်နေ့တာ ရိုက်ကူးရေး ပြီးဆုံးသွားလေပြီ။ ရိုက်ကူးရေး ဆက်လုပ်ရန် မလိုတော့၍ ရှုချန်းလည်း ညစာ စားပြီးနောက် လေ့ကျင့်ရေးကွင်းထဲ၌ အပြေးကျင့်နေခဲ့သည်။

ရှုချန်းမှာ ပြိုင်ပွဲဝင် အဖွဲ့ထဲတွင် ရှိနေပေသည်။ ဟူပင်းက လက်မခံသော်လည်း ရှုချန်းမှာ ပြိုင်ပွဲဝင် လူစာရင်း၌ ပါဝင်ပြီး ဖြစ်နေသည်။ ထိုကြောင့် သူ့အနေနှင့် ပိုမို လေ့ကျင့်ရန် လိုအပ်နေပေသည်။

ရိုက်ကူးရေး ပြီးသွား၍ လင်ချူရွယ်နှင့် ရိုက်ကူးရေး အဖွဲ့သားများ အနားယူနေသည်။ အခြား နာမည်ကျော်များက စစ်တပ် အပြင် ထွက်ကာ လည်ပတ် သွားလာနေသော်လည်း သူမ ကျန်နေခဲ့၏။ ညစာစားပြီးနောက် စစ်တပ်တွင်းရှိ သူမ၏ ပရိတ်သတ် အချို့နှင့် ဓာတ်ပုံရိုက်ပြီး ရှုချန်းကို ရှာဖွေနေခဲ့သည်။

လေ့ကျင့်ရေး ကွင်းထဲတွင် ရှုချန်း အပြေးကျင့်နေစဉ် ရန်ရှန်း၏ မန်နေဂျာက သစ်ပင်တစ်ပင် အောက်၌ တမင်တကာ စောင့်ဆိုင်းနေ၏။ အနီးသို့ ရှုချန်း ဖြတ်ပြေးလာသောအခါ...

" အဟမ်း... နည်းပြရှု... ခဏလောက် ရပ်ပါဦး... "

ရှုချန်း ကြည့်လိုက်ပြီး...

" ဘာကိစ်စလဲ... "

မန်နေဂျာက လိပ်စာကတ် ထုတ်ပေးပြီး...

" ဒါ ကျုပ် လိပ်စာကတ်ပါ... နည်းပြရှု... ခင်ဗျား အနုပညာ လောကထဲ ဝင်ဖို့ စိတ်ကူးရှိလား.... "

Royal Capital Entertainment ( တော်ဝင်မြို့တော်ဖျော်ဖြေရေး ) ၏ အကြီးတန်း မန်နေဂျာ၏ လိပ်စာကတ်ကို ရှုချန်း ကြည့်လိုက်သည်။

မန်နေဂျာက...

" အနုပညာ လောကထဲမှာတော့ ကျုပ်တို့ ကုမ္ပဏီက ထိပ်တန်းတွေ ကုမ္ပဏီတွေထဲက တစ်ခုပဲ... ကျုပ်တို့မှာ ရုပ်ရှင်သစ်တွေ ရိုက်ကူး ဖြန့်ချီဖို့ လမ်းကြောင်းတွေ အများကြီး ရှိတယ်... အထူးသဖြင့် နည်းပြ ရှုလိုမျိုး ကိုယ်ခံပညာ ထူးချွန်တဲ့ သူတစ်ယောက်ကို ကြယ်ပွင့် အက်ရှင်မင်းသား တစ်ယောက် အဖြစ် ဖန်တီးဖို့ ကျုပ်တို့ ကုမ္ပဏီအတွက် မခက်ပါဘူး... ခင်ဗျား အစွမ်းနဲ့ဆို တစ်ကားထဲနဲ့ နာမည်ကြီးနိုင်တယ်နော်... ကျုပ်ပြောတာ မယုံမရှိနဲ့... ပြီးတော့ ကျုပ် စုံစမ်းထားပြီးပြီ... စစ်တပ်က ရတဲ့လစာနဲ့ ပင်စင် ထက် နာမည်ကြီး အက်ရှင်မင်းသား ဖြစ်တာက အများကြီး ပိုအဆင်ပြေလိမ့်မယ်... ကျုပ်ပြောတာ သဘောတူလို့ လုပ်ဖို့ ဆန္ဒရှိရင် စာချုပ် ချုပ်ကြမယ်ဗျာ... True Men Season 2 အကူအညီနဲ့ ခင်ဗျားက တခြားတက်သစ်စတွေထက် ပိုပြီး မြန်မြန်ဆန်ဆန် နာမည်ကြီးလာနိုင်တယ်... "

နတ်နဂါးစစ်သည်Where stories live. Discover now