အပိုင်း ၁၄

2.4K 88 2
                                    

မနေ့ညက သင်္ကြန်မိုးကြောင့် ဒီမနက်ပိတောက်တွေပွင့်သည်။အစောထပြီး ပန်းတက်ခူးကာ တစ်ဝက်ကို ဘုရားတင်ဖို့ အမေ့ဆီပေးသည်။ကျန်တစ်ပွေ့စာကတော့ လက်ထဲပွေ့လို အစ်ကို့တံခါးဆီ ဦးတည်မိသည်။အခန်းတံခါး ချက်(ဂျက်)မထိုးတတ်သူမို့ သူအသာဖွင့်ကာ ဝင်ခဲ့လိုက်သည်။ညကမိုးကြောင့် အေး၍ထင် စောင်လေးခြုံကာ ကွေးကွေးလေး။

ပိတောက်တစ်ခက် နှာခေါင်းနားကပ်တော့ မွှေး၍ထင်သည် ခေါင်းလေးပိုတိုးလာ၏။
မနှိုးရက်၍ ဒီအတိုင်းကြည့်နေမိတော့ ခဏအကြာမျက်လုံးပွင့်လာလေသည်။

"အွန် ပိတောက်ပန်းတွေ"

ပြောရင်းမျက်လုံးပြန်မှိတ်သွား၏။ပြီးနောက် ဆတ်ကနဲထိုင်လေသည်။

"တကယ် ပိတောက်ပန်းတွေရော"

ပြောရင်း လက်ကလည်း ပန်းတွေအား ဆွဲယူသွားလေကာ တစ်ဝကြီး အနံမွှေးပစ်သည်။

"မွှေးလိုက်တာ ငါက အိမ်မက်မက်တယ်ထင်နေတာ"

"တကယ်ပါဗျာ မနေ့ညကရွာတာ သင်္ကြန်မိုးလေ အဲ့တာကြောင့် ပိတောက်တွေပွင့်နေတာ"

"ဟုတ်လား"

ပြောရင်း ကုတင်ပေါ်ကဆင်းပြေးပြီး ပြတင်းတံခါးဖွင့်ကာ ပိတောက်ပင်ကြီးဆီ အကြည့်ပို့သည်။ပင်လုံးကျွတ်ဝါနေသော ပိတောက်တွေကြောင့် သဘောကျကာ ခုန်ဆွခုန်ဆွ။ပြီးတော့ သူ့ဘက်လှည့်လာကာ ပိတောက်ပင်ဆီလက်ညှိုးထိုးရင်း

"ငါအပင်ပေါ်တက်ချင်တယ်"

"မရဘူး ပိတောက်ကိုင်းက ဆတ်တယ် ပြီးတော့မိုးရွာထားလို့ ချော်နေတာ ကျွန်တော်တောင် သတိထားပြီးတက်ရတာ ငပွေးတောင် တစ်ခါပြုတ်ကျဖူးတယ် မတက်နဲ့နော်"

"အင်းပါ ငါလည်းပြောသာပြောတာ သစ်ပင်မတက်တတ်ဘူးရယ်"

"မျက်နှာသစ်တော့ ပြီးရင်ထမင်းစားရအောင် နေ့လည် ရွာထဲအလှူခံထွက်မှာ လိုက်မှာမလား"

"အလှူခံ"

"အင်း သင်္ကြန်စတုဒိသာအတွက်"

"လိုက်မှာ လိုက်မှာ ငပွေးတို့ကောပါမှာလား"

"အွန်း မောင်နှမလေးယောက်လုံး ပြီးတော့ရွာထဲက အပျိုလူပျို အားလုံးသွားကြမှာ အိုးစည်တွေရောပါမှာ"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now