28

3.6K 182 12
                                    

💛 Players ( Part - 28 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းဘယ်လိုတွေလုပ်နေတာလဲ အက္ခရာ"

ဝိုင်တွေတစ်ခွက်ပြီးတစ်ခွက်သောက်နေသော ခရာ့ကို စိတ်ပျက်သလိုကြည့်နေရင်း ကိုစည်းက တင်းမာသောလေသံဖြင့်မေးလာသည်။
ကိုကြီးနဲ့စကားပြောပြီးကတည်းက ရင်တွေတုန်နေမိတာက ဝိုင်တွေအများကြီးမျိုချပြီးသည်အထိလည်း ရင်တုန်မပြေသေး။

ထို့ကြောင့် ကိုစည်းလေသံ တင်းမာနေမှန်းသိပေမယ့် ဂရုစိုက်ရကောင်းမှန်းမသိသလို ခရာသည်လည်း ဘာကြောင့်တုန်လှုပ်နေသည်မသိ။
ရန်ခုန်သွားမိလို့လား၊ ကြောက်မိသွားလို့လား...
ရင်ခုန်တယ်ဆိုရင်ရော ဘာကိုရင်ခုန်သွားမိတာလဲ…
ကိုကြီးဖက်လိုက်တာကိုလား၊ ဘာလိုလိုစကားတွေကြောင့်လား…

"ငါမေးနေတာ ကြားရဲ့လား အက္ခရာ"

"ကိုကြီးကအမြဲအဲ့လိုကြီးပဲလား လက်ရဲဇက်ရဲနဲ့လေ ခရာ့ကိုဖက်လိုက်တာမြင်လား"

"မြင်တယ်လေ သူ မင်းကိုကြိုက်နေတာလည်း ငါမြင်တယ် ငါမမြင်တာက မင်းလုပ်သင့်တဲ့ကိစ္စပဲ အများကြီးမလိုပါဘူး ခရာရယ် သူ့ဆီကစကားတစ်ခွန်းထွက်လာရင်ကို ရပြီ မင်းဘာကိုတွေဝေနေတာလဲ"

"ခရာတွေဝေနေတာမဟုတ်ဘူး ဖက်တယ်ဆိုတာ သမီးရည်းစားဖြစ်မှ ဖက်ကြတာမဟုတ်ဘူးလား အခုဟာက"

"ကျွတ်!! အက္ခရာ မင်းကတော့"

ကိုစည်းက ခရာ့ပုံစံကိုကြည့်ကာ စိတ်ပျက်သွားဟန်ဖြင့် ဆိုဖာပေါ်ကားယားကြီးထိုင်ချလိုက်၍ ခရာသည် သောက်တော့မည့်ဆဲဆဲဝိုင်ခွက်ကို စားပွဲပေါ်ပြန်ချလိုက်သည်။
သောက်တာလည်း နည်းနည်းများနေပြီဖြစ်ကာ ဝိုင်ကလည်းအရှိန်တက်နေပြီမို့ ကိုစည်းဖြစ်နေပုံကို စိတ်တိုသွားကာ ဗြန်းခနဲစားပွဲကိုပုတ်ကာ...

"ဒီလိုကိစ္စအတွက် ခရာ့မှာအတွေ့အကြုံမရှိတာကို ကိုစည်းမသိလို့လား ဘာလို့စိတ်ပျက်လက်ပျက်ဖြစ်နေတာလဲ"

"မင်း သူ့ကိုရင်ခုန်နေတာမလား အက္ခရာ"

ခရာ ဆတ်ခနဲခေါင်းညိတ်ပြလိုက်သည်။
တကယ်လည်းရင်ခုန်ခဲ့ပြီး ထိုရင်ခုန်ခြင်းဟာ မကြုံဖူးသည့်ကိစ္စကြောင့်သာဖြစ်ကာ ဒီ့ထက်မပိုဟု ခရာ့ကိုယ်ခရာယုံကြည်သည်။
အမြင့်မှာရွက်လွှင့်ချင်သော လူတစ်ယောက်အတွက် အချစ်နဲဲ့ရင်ခုန်ခြင်းဟာ ခရာ့ကိုချည်ချင်သော ကြိုးတစ်ချောင်းမို့ ရင်ခုန်ခဲ့မိရင်တောင် အခိုက်အတန့်သာဖြစ်ပါလိမ့်မည်။

PlayersWhere stories live. Discover now