အပိုင်း(၂၇) Unicode

1.1K 125 20
                                    

သင့်တော်သည့်ကုသမှုများရရှိသည်ကြောင့် အဆုတ် ရောင်ဝေဒနာခံစားခဲ့ရသည့်ရှောင်းမုချန်သည် ပေးကမ်းထားသည့် အဆောင်တစ်ခုတွင်နေထိုင်ရင်း ငါးရက် မြောက်နေ့၌ ထူထူထောင်ထောင်ပြန်ဖြစ်လာသည်။

အဆောင်ဟူ၍ တခမ်းတနားမဟုတ်။အင်မတန်ရိုးရှင်းလွန်းစွာ ကုတင်၊ စားပွဲ၊ ထိုင်ခုံ နှင့် ကိုယ်တိုင်ချက်ပြုတ်စားရန် မီးဖိုဆောင်မမြည်သည့်အခန်းငယ်တစ်ခုသာပါဝင်ခြင်းဖြစ်​၏။နန်းတွင်းရှိအခြားသောနေရာထိုင်ခင်းများနှင့်ယှဉ်လျှင်သေးနုတ်သည်ဖြစ်သော်ငြားအချုပ်ဆောင်​၏ ကြမ်းပြင်ထက်တော့ သာလွန်သည့် အနေအထားပင်ဖြစ်​၏။

ယုံကြည်ကိုးကွယ်မှုဟူသည် နှလုံးသားအတွင်းမှပေါက်ဖွားလာခြင်းဖြစ်သည်ကြောင့် နတ်ကွန်းအဆောင် အယောင်ရုပ်ထုများမရှိသော်လည်း မိုးနတ်မင်းအားစိတ်ထဲမှန်းဆကာ ရှောင်းမုချန်ဝတ်ပြုပြီးနောက်၊ မိမိစားမည့်အထဲမှ တစ်ဝက်ကို မနက်ခင်း၌ပျော်မြူးကြသော ငှက်ကလေးများကိုချကျွေး​၏။

မနက်ခင်းသည်သာယာသည်။သာယာသောမနက်ခင်းထဲ ရှောင်းမုချန်တည်ရှိနေမှုသည် လေထုကိုစင်ကြယ်စေခြင်းဖြစ်​၏။

ဖြူစင်သောစိတ်ထားနှင့်ကြင်နာတတ်သောနှလုံးသားတို့ပေါင်းစပ်ထားမှုသည် မို့လိဟွားတော​၏အကြီးအကဲတစ်ဦးဖြစ်သည်ဟုပင်ပြောပြစရာမလိုအောင်နဂိုအကြည်ဓာတ်ဆောင်သောဥပတိရုပ်၌ ပေါ်လွင်နေ​၏။

ငှက်ကလေးများအား အစာကျွေးပြီးနောက် ရှောင်းမုချန်သည်လက်ထဲကတောင်ဝှေးကိုထောက်ကာဖြည်းညင်းစွာလျှောက်ရင်း တံမြက်စည်းအရှည်တစ်ခုကိုယူ၍ ငှက်ကလေးများ ကြွင်းကျန်ခဲ့သည့် ထမင်းစေ့လေးများအား လှဲကျင်းလို့နေ​၏။

"ကျန်းခန့်သာလို့မာပါစ..."

နှုတ်ဆက်စကားတစ်ခွန်းနှင့်အတူ နီးကပ်လာသော ခြေသံတချို့ကြောင့်တံမြက်စည်းလှဲနေသည့်ရှောင်းမုချန်သည် အသံလာရာကိုကြည့်လိုက်သည့်အခါ နတ် ဆရာယင်အန်းကိုတွေ့​၏။

ကျွေးမွေးသောအစာများကိုလာရောက်စားသောက်ကြသည့်ငှက်ကလေးများသည် ဖိတ်ခေါ်၍လာသောဧည့်သည်များဖြစ်သည်ဆိုပါလျှင်၊ ဒီနန်းတွင်း၌ ရှိနေရသ၍ ယခုကဲ့သို့မဖိတ်ခေါ်သော ဧည့်သည်များလည်းရောက်ရှိလာမည်ဆိုသည်ကို ရှောင်းမုချန်တွက်ဆထားပြီးသားဖြစ်​၏။

Ineluctable Where stories live. Discover now