[အပိုင်း၁]

38 4 0
                                    

တောကြီးနက်နဲထဲဝယ် သူတစ်ယောက် အကူအညီမဲ့စွာ ပြေးလွှားနေရသည်။သူ့အနောက်မှ အမည်ဖော်မရသော သတ္တဝါတစ်စုက ထပ်ကြပ်မကွာ လိုက်ပါလာ‌သောကြောင့်ဖြစ်သည်။ဒီနေရာကဘယ်နေရာ၊ထိုအကောင်တွေကဘာကောင် ဆိုတာရေရေရာရာ မသိဘဲ သူပြေးနေရ၏။

ပြေးရင်းပြေးရင်း အနောက်ကို သမင်ပြန်လှည့်ကြည့်မိတော့မှသာလျှင် တစ်စုံတစ်ခုကို အသေအချောသိလိုက်ရသည်။ထိုအရာကား သူပြေးနေရာမှရပ်လိုက်လျှင် ထိုအကောင်တွေ လက်ထဲရောက်သွားပြီး အရိုးရောအသားပါမကျန် ဖြစ်လိမ့်မည်ဆိုတာကိုပင်။

အဘယ်ကြောင့်ဆိုသော် ထိုအကောင်တွေကား ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတွေထဲမှ လူသားစားသတ္တဝါတွေနဲ့ တူလွန်းတာကြောင့်ပင်။ အသားအရည်က စိမ်းဖန့်ဖန့်၊ခန္ဓာကိုယ်က သစ်‌ကိုင်း‌ခြောက်များလို ပိန်ရှည်ရှည်ကိုမှ ပြေးလိုက်ရင် ကုန်းကုန်းကုန်းကုန်းနှင့် သားရည်တွေကလည်းကျနေသေးသည်။ပြောရင်းနှင့် မနေ့ညက သူကြည့်ခဲ့သည့် လူသားစားအကောင်တွေပါသည့် သဲထိတ်ရင်ဖိုဇာတ်ကားကိုတောင် သတိရမိသွားသည်။မနေ့ညက အကောင်တွေနှင့်တူသည်ဆိုလို့ ထိုအကောင်တွေလိုမျိုး ဒီအကောင်တွေလည်း သူ့ကိုအစိမ်းလိုက်ဝါးစားကြမှာလားမသိ။

မဖြစ်....မဖြစ်....ပြေးမှပင်။ဟုတ်သည်၊လွတ်အောင်ပြေးရမည်။

ထို့ကြောင့် သူသည် ခြေလှမ်းတွေကို နှစ်ဆအရှိန်တင်ကာ ကြောက်ကန်ကန်ပြီး ပြေးတော့၏။သို့သော် သိပ်မခိုင်ချင်သော ခြေထောက်တွေကိုတော့ မနည်းအားတင်းထားရသည်။လှည့်ကြည့်ချိန်က မြင်လိုက်ရသော ထိုသတ္တဝါများ၏ ရုပ်ရည်ကြောင့်ဖြစ်မည်။ဘုရား...ဘုရား....ဆိုးလိုက်တဲ့ရုပ်တွေ။ဒီနေ့ညတော့ အိမ်မက်ဆိုးမက်တော့မည်ထင်ပါသည်။

သူသည် သူ့နောက်မှ အကောင်တွေ လိုက်မှီမှာဆိုး၍ အနောက်ကိုလည်းလှည့်ကြည့်ရ၊အရှေ့မှ သစ်ပင်တွေဘာတွေ ဝင်တိုက်မိမှာဆိုး၍ အရှေ့ကိုလည်းကြည့်ရဖြင့် တစ်ယောက်တည်းဗျာများနေတော့၏။

ဆက်ပြေးနေရင်း သူ့စိတ်ထဲ၌ ပို၍နီးလာသော ခြေသံတွေကြောင့် ထိုအကောင်တွေ လိုက်မှီလာပြီဟု ထင်လိုက်သည်။ထို့ကြောင့်ပြေးရင်း အနောက်ကိုကြောက်အားလန့်အားဖြင့် လှည့်ကြည့်မိသည်။ထိုကဲ့သို့ လှည့်ကြည့်လိုက်ချိန်တွင် သူ၏လမ်း၌ အပင်ကြီးတစ်ပင်၏ အမြစ်ကိုမမြင်နိုင်တော့ဘဲ ခလုတ်တိုက်ကာ ဗိုင်းခနဲ ကားယားကြီး လဲကျတော့သည်။

Her And Us {သူ(မ)နှင့်ကျွန်တော်တို့}Where stories live. Discover now