part 9

7.8K 200 3
                                    

ချိုမိုင်မိုင် (အပိုင်း ၉)

တစ်မနက်ခင်းလုံး ယောက္ခမဖြစ်သူ ချက်ပြုတ်သည်ကို ကူလုပ်ပေးပြီးသည့်အခါ နွေရာသီပူစပ်ပူလောင် ရာသီဥတုကြီးကြောင့် ခန့်ဘုန်း ရေချိုးချင်လာသည်။ရေမချိုးရသည်မှာ သုံးရက်ပင်ပြည့်တော့မည်။ အဝတ်စားလည်းဘာမှပါမလာ၍ ရေချိုးဖို့အခက်တွေ့နေ၏။ဝေဟင်ကလည်း အိမ်မှာမရှိ၍ဘယ်လိုလုပ်ရမှန်းမသိပေ။

"ဟိုတစ်ယောက်...အားရင် ထိုင်မနေနဲ့။ ဟင်းစားနယ်ထားတဲ့အိုးတွေသွားဆေး"

"ဟုတ်"

ခန့်ဘုန်း အငြီးမညူပင် ထဆေးရသည်။ တစ်မနက်လုံးရေကိုင်လိုက် ဆပ်ပြာကိုင်လိုက်ဖြင့် လက်လေးတွေပင် ရေနူးနေလေသည်။ ခန့်ဘုန်းအိုးဆေးပြီးပြန်ဝင်လာတော့ ဝေဟင်လည်းပြန်ရောက်နေသည်မို့ ဝမ်းသာသွားလေသည်။ သူ့အနားကိုတိုးကာ ရေချိုးဖို့မေးရသည်။

"ဝေဟင်..."

"ဘာလဲ"

ပြန်ထူးသံကအစ အရင်လိုမဟုတ်၍ခန့်ဘုန်းသူ့ကို ငေးကြည့်နေမိသည်။ ပြီးမှ ဘာမှမဖြစ်သလို ရေချိုးဖို့မေးလိုက်၏။

"ငါရေချိုးချင်လို့...ဘယ်လိုလုပ်ရမလဲ"

"နောက်မှာ သွားချိုးလေ"

"ငါ့မှာ အင်္ကျီမရှိဘူးလေဟာ"

ခန့်ဘုန်းမှာ ဝမ်းနည်းစိတ်ကြောင့် အသံကတုန်ယင်နေလေသည်။ ဒီတော့မှ ဝေဟင်က သူ့အမေဆီကနေအင်္ကျီနှင့် လုံချည်ယူလာပေးလေသည်။သူယူပေးသည့်အင်္ကျီကို ယူပြီးရေသွားချိုးလိုက်၏။လုံချည်ရင်လျားပြီး ဟာလာဟင်းလင်းကြီးထဲမှာ ရေချိုးရသည်မှာအဆင်မပြေလှပေ။ အိမ်ရှေ့လမ်းမပေါ်ကနေ လှမ်းကြည့်လျှင်လည်းမြင်နေရသည်။ဘေးခြံကကြည့်လျှင်လည်း မြင်နေရသည်။ခန့်ဘုန်းမှာ စိတ်မသက်မသာဖြင့် ခပ်မြန်မြန်ချိုး၍အိမ်ပေါ်တက်ခဲ့ရသည်။ အဝတ်ကိုလည်းအိမ်ပေါ်ရောက်မှလဲသည့်အခါ ဝေဟင့်အမေက မျက်လုံးတစောင်းစောင်းဖြင့်ကြည့်လေသည်။

"ညည်းလို ကလေးသေးသေးကို ဘယ်သူမှမကြည့်ဘူး။ ရေစိုဝတ်နဲ့အိမ်ပေါ်နောက်ခါမတက်နဲ့။ တစ်အိမ်လုံးစိုရွဲကုန်ပြီ"

ချိုမိုင်မိုင်Where stories live. Discover now