107

4.5K 725 20
                                    

အစီအရင်ကို အစောင့်တစ်ယောက်နှင့်စမ်းသပ်ခြင်း
..............................................................

"သခင်လေး၊ မနက်စာ..."

ရှားဖုန်းက မနက်စာအားမြန်နိုင်သမျှမြန်မြန်ပြင်ဆင်ရန် လင်းကျန်ထံမှအမှာခံထားရ၍ အခန်းထဲသို့ အလျင်စလိုသတင်းလာပေးသည်။ သူ အခန်းထဲသို့ဝင်သွားသောအခါ သူ၏သခင်လေးက အရာရှိယွီဝမ်အား ရုတ်တရက်တွန်းလိုက်သည်ကို တွေ့လိုက်ရသည်။ ရှားဖုန်းမျက်လုံးပြူးသွားကာ သူယခုလေးတင်တွေ့ခဲ့သောဖြစ်ရပ်အကြောင်း တွေးနေမိသည်။ 'သူတို့ ဘာလုပ်နေကြတာလဲ။ ငါထင်သလိုပဲလား။'

"မင်း ပြင်လို့ရပြီ။" လင်းကျန်က ကိုယ့်နှုတ်ခမ်းကိုယ် မြန်မြန်သုတ်ကာ ရှားဖုန်းအား တတ်နိုင်သမျှ တည်ငြိမ်စွာပြောလိုက်သည်။

ရှားဖုန်းက သူမြင်ခဲ့ရသည်ကို မယုံနိုင်သဖြင့် အလွန်အံအားသင့်နေဆဲပင်။

ယွီဝမ်ထုန်က ရှားဖုန်း၏လှုပ်ရှားသံကို မကြားရသောအခါ စူးစိုက်ကြည့်လိုက်သည်။

ရှားဖုန်းက ထိုသို့သောအကြည့်ဖြင့် အကြည့်ခံရသည်နှင့် ရုတ်တရက် ခိုက်ခိုက်တုန်သွားပြီး ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်စေလိုက်သည်။ သူက ခေါင်းငုံ့ကာဖြေသည်။ "ဟုတ်ကဲ့ပါ၊ သခင်လေး။"

'ဒါ ထင်ယောင်ထင်မှားဖြစ်တာပဲနေမယ်။ အဲ့လိုပဲ ဖြစ်ရမယ်။ သခင်လေးနဲ့ အရာရှိယွီဝမ်တို့က ဘယ်လိုလုပ် ပွေ့ဖက်နေကြမှာလဲ။ ငါ အဖြစ်အပျက်ကို စိတ်ကူးယဉ်နေမိတာနေမယ်။' ရှားဖုန်းက ဤသို့တွေးသည်။

ရှားဖုန်းက သူထင်ယောင်ထင်မှားဖြစ်နေခဲ့ခြင်းဟု ကိုယ့်ကိုယ်ကိုယ်ပြန်ပြောကာ အပြင်ဘက်မှာအစေခံများအား အခန်းထဲသို့စားစရာများယူလာပြီး စားပွဲပေါ်တွင် နေရာချရန် ညွှန်ကြားလိုက်သည်။

အစေခံများက မနက်စာပြင်ဆင်နေစဉ်တွင် ရှားဖုန်းသည် လင်းကျန်နှင့် ယွီဝမ်ထုန်အား ခိုးကြောင်ခိုးဝှက် အကဲဖြတ်နေမိသည်။

လင်းကျန်၏ အနည်းငယ်ဖူးရောင်နေသောနှုတ်ခမ်းများနှင့် ပါးနီမြန်းနေမှုကိုမြင်ကာ ရှားဖုန်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကြောင်အမ်းသွားသည်။ သူ့ကိုယ်သူပြောခဲ့သော စကားလုံးများမှာ အမှန်တရား၏ရှေ့မှောက်တွင် ချည့်နဲ့သွားသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now