🦋 1 🦋

13.8K 955 60
                                    

သက္ကရာဇ် 1230 ခုနှစ် ညသန်းခေါင်ယံအချိန်..။

အရင်ည​တွေမှာတော့ ဒီလိုအချိန်​တွေမှာ တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ရယ်၊ အိမ်ငယ်လေးတွေဆီမှ မီးပျပျတချို့နဲ့အတူ ခမ်းနားကျယ်ပြန့်လှသည့် ရဲတိုက်ကြီးထက်ကတာဝန်ကျစစ်မက်တွေရယ်သာ ရှိနေတတ်ပေမယ့် ယနေ့မှာတော့ မီးတိုင်များက လိုတာထက် ထိန်လင်းနေပြီး သံချပ်ကာဝတ် စစ်မက်များခြံရံထားကာ ရဲတိုက်ကြီးရဲ့ အမြင့်ဆုံးနေရာမှာ ဟိုဟိုဒီဒီလျှောက်နေသည့် ဘုရင်တစ်ပါး ရှိနေခဲ့သည်။ ထိုဘုရင်ကား....

မိုခီတာ (Mokita) တိုင်းပြည်ကြီးကိုအုပ်စိုးနေသည့် ဘုရင်ကြီး ကန်းထရစ် (Kendrick) ပင်ဖြစ်ပေသည်။

အပြင်ဘက်ဆီသို့ တချက်တချက်လွင့်ပျံလာသည့် အတွင်းဆောင်ဆီက အော်သံတချက်ထွက်လာတိုင်း ဘုရင်ကြီးကန်းထရစ်မှာ လက်နှစ်ဖက်ကိုဆုပ်ခြေကာ သက်ပြင်းတချချနဲ့ ​မျှော်ကြည့်နေစမြဲ။ အချိန်ခေတ္တခဏကြာမြင့်ပြီးနောက်မှာတော့ မိဖုရားကြီးရဲ့ အခြွေအရံ တချို့ထွက်လာခဲ့ပြီး ဘုရင်ကြီး​ရှေ့ ဒူး​ထောက်လိုက်ကာ သား​မွှေး​စောင်ထူထူလေးဖြင့် ထုတ်ပိုးထားသည့် ကလေးငယ်တစ်​ယောက်ကို ကမ်းပေးလာခဲ့သည်။

"မိဖုရားကြီးက သားတော်လေးဖွားမြင်ပါတယ် အရှင်မင်းကြီး။ "

သားတော်လေးဆိုကတည်းက ကန်းထရစ်ဘုရင်ကြီးမှာ မျက်နှာတခုလုံးဝင်းပသွားကာ လက်လှမ်းယူလိုက်ပြီး သားတော်မျက်နှာကို ငုံ့ကြည့်နေခဲ့ရာက ထူးခြားမှုတခုကိုစတင်သတိပြုမိလာသည်။

"သားတော်က ဘာဖြစ်လို့မငိုတာလဲ။"

ထိုသို့မေးလိုက်သည်နှင့် နဂိုကတည်းက ဒူးထောက်လျက်သာအခြွေရံတို့မှာ ကြမ်းပြင်ပေါ် ပြားပြားဝပ်ချလိုက်တော့သည်။

"စိုးရွံမိပါတယ် အရှင်မင်းကြီး။ မင်းသားလေးက ​မွေးကတည်းက အသက်ပါမလာပါဘူး။"

အိမ်ထောင်သက်ကြာတော့မှ ပထမဆုံးရရှိလာသည့် သွေးသားပေမို့ သိပ်ကိုမျှော်လင့်ထားခဲ့သည့် ကန်းထရစ်ဘုရင်ကြီးအဖို့ ထိုစကားလုံးက ရင်ထဲသံရည်ပူများစီးဆင်းသွားသည့်နှယ်။ သားမွှေးထူထူထဲထဲလေးဖြင့် ထုတ်ပိုးထားသည့် မင်းသားလေးရဲ့မျက်နှာကို တိတ်ဆိတ်စွာ အကြာကြီး​ငေးစိုက်ကြည့်နေပြီး​နောက်....

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now