[၁]၊Unicode

17.4K 994 157
                                    


သူဟာ လက်ထဲ၌ ကိုင်ထားသော စာအုပ်နှင့် ဓာတ်ပုံအပျက်လေးအား မယုံနိုင်စွာ စူးစိုက်ကြည့်လျက် လောကကြီးနှင့် အဆက်ပြတ်သွားသလို ငူငိုင်နေမိသည်။ စာအုပ်လေး၏ အရောင်ကာလာသည် အချိန်ကြာမြင့်နေခဲ့သည်ကို သိသာစေသည့်အနေအထားဖြင့် စာရွက်သားများမှာ ၀ါကျင့်နေပြီး အချို့နေရာတို့တွင် မင်ရည်တို့ပင် ထပ်နေ၍ သေချာပင် ဖတ်၍ မရပေ ။

သို့သော်ငြား သာမန်ကာ လျှံကာ ဖတ်ရုံနှင့် ယောက်ျားတစ်ယောက်က အခြားယောက်ျားတစ်ယောက်ကို ဘယ်သို့ဘယ်မျှ ချစ်ခင်စုံမက်ရကြောင်း ထိုခေတ်အခါက စကားလှလှတို့ဖြင့် ဖွဲ့နွဲ့ရေးသားထားမှန်း အတပ်သိနိုင်ပါ၏။ ပွင့်လင်းစွာ ပြောရလျှင်တော့ သူ့အဘိုးဖြစ်သူက ၎င်းချစ်ရသော အမျိုးသားအကြောင်း စာစီကုံးထားသည့် အချစ်သဝဏ်လွှာပင် ။

ညိုမြလွင်ဟာ ထိုစာအုပ်ကိုဖတ်ပြီးသည်
နှင့် စာအုပ်ကြားထဲတွင် အသေအချာညှပ်ထားသော ဓာတ်ပုံအပျက်လေးအားလည်း ဆေးမိထားသော သူတစ်ယောက်ကဲ့သို့ မမှိတ်မသုန်ကြည့်နေမိသည်။ သူ့အနေနှင့်
ဒီအခြေအနေကြီးကို ဘယ်လို မှတ်ယူပေးပြီး လက်ခံရပါမည်နည်း ။

သူ့အဘိုးဖြစ်သူဟာ သူလုံး၀ လက်မခံနိုင်တဲ့ လိင်တူချစ်ကြိုက်ခြင်းတွေကို လက်ခံရုံသာမက ယောကျ်ားတစ်ယောက်ကိုပင် ချစ်ကြိုက်ခဲ့လိုက်သေး၏။ စာထဲတွင်ရေးထားသော အကြောင်းအရာများကား
ညိုမြလွင်၏ အဘိုးနှင့်အဘွားတို့က မချစ်ခင်မနှစ်သက်ဘဲ လက်ထပ်လိုက်ရသည်တဲ့လေ။
အဘိုး အမှန်တကယ် ချစ်ခင်စုံမက်ခဲ့သူက သူနှင့်မျိုးတာ ကိုယ်လိုသူလို အမျိုးသားတစ်ယောက် ။ ဒါက လက်မခံနိုင်စရာကောင်းသလို ရှက်ဖို့ပင် အလွန်ကောင်းသည့် ကိစ္စကြီး။

"ဖွင့်မကြည့်ရ ။ " ဟု ရေးသားထားသော ယွန်းအစ်လေးထဲ၌ သူက ထိုစာအုပ်ကို တွေ့ရှိခဲ့၏ ။ သူတို့အိမ်သည်က မျိုးရိုးအစဥ်အဆက် ချမ်းသာကြွယ်၀ခဲ့သည့်အလျောက် ဘိုးဘေးဘီဘင်တို့၏ အဖိုးတန်အမွေအနှစ်ပစ္စည်းတွေကို အခန်းကြီးတစ်ခန်း သီးသန့်ထား၍ သိမ်းဆည်းထားတတ်သည်။
ယခုသူက ထိုအခန်းထဲသို့ ရောက်လာ စပ်စုရင်း ၎င်းယွန်းအစ် ကို ရှာတွေ့ခြင်းသာ ။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now