[၆]၊Zawgyi

1.9K 68 1
                                    

"မနက်ခင်းလေးမှာ နိုးလာခဲ့ အိုး .. အရင်ဆုံး ဉီးကို မှန်းပါတယ် .. အဲ .. လွမ်းပါတယ်"

ကျေးညိုဟာ အချိန်ရှိခိုက် လုံ့လစိုက်ရဖို့ မနက်ခင်း နိုးပြီဆိုကတည်းက အရေးပိုင်ဆိုတဲ့ အကျင့်ယုတ်ကြီး အခန်းရှေ့ ခေါက်တွန့်ခေါက်ပြန် လျှောက်လျက်ပင် ပါးစပ်ထဲရှိရာ သီချင်းအား တောင်စဉ်ရေမ ကပေါက်တိကပေါက်ချာဖြင့် ဆိုတော့၏။

အချိန်အားဖြင့် နံနက် ၆နာရီခန့်လောက်သာရှိဉီးမည်မို့ ထိုလူကြီး၏ အခန်းတံခါးဟာ ပွင့်မလာသေး။ သို့ပေသိ သူ၏ ငှက်ဆိုးထိုးသံလို နားကြားပြင်းကပ်အောင် စူးရှသည့် သီချင်းသံလေးကြောင့် အခန်းတံခါးဟာ ပွင့်လာလေတော့သည်။

" နံနက်စောစောစီးစီး ဘာတွေလာအော်နေတာလဲ !"

" ဟို .. ဉီးအကြောင်းတွေးနေရင်း  ဉီးကို တွေ့ချင်လာလို့ "

စိတ်ထဲကမပါသော မဟုတ်မမှန်စကားတွေကို မျက်လုံးဝိုင်းဝိုင်းလေး ဝင့်ကာ ဝင့်ကာဖြင့် ဆိုလိုက်လေတော့ ထိုလူကြီး၏ မျက်ခုံမွှေးမည်းမည်း တန်းတန်းတွေဟာ ချက်ချင်းနီးကပ်သွားတော့၏။ မယုံသလို မျက်မှောင်ကျုံ့လိုက်ခြင်း ။

" မင်းရဲ့အရေမရ အဖက်မရ အလိမ်အညာစကားတွေကို နားမထောင်နိုင်ဘူး၊
ဒါ ငါ့အိပ်ချိန်"

နေအခရာဟာ ရုတ်တရတ်အခန်းတံခါးကို ချက်ချင်းပိတ်လိုက်လေတော့
ထိုကောင်လေးက တံခါးကြားထဲ လက်ထိုးခံလာတော့သည်။ မထင်မှတ်ထားသည့် အပြုအမူကြောင့်ရော၊ နာကျင်သွားသဖြင့် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာသည့် မျက်နှာလှလှလေးကြောင့်ပါ သူ့မှာ ရင်ထဲ ထိတ်ကနဲ ဖြစ်ရတော့၏။

" အာ့ ... ဟင့် "

" တောက်!! မင်းမှာ ဉီးနှောက်မပါဘူးလား
ဒီလိုလက်ထိုးခံရင် ဒီလိုနာမယ်မှန်းမသိဘူးလားဟမ်"

" ဟင့် .. အီး .. ဉီးက ကျေးညိုကိုမှ စကားမပြောချင်ဘဲ တံခါးပိတ်လိုက်တော့မှာကိုလို့၊
ကျေးညိုဘာလုပ်ရမှန်းမသိလို့ အီး .. ဟင့်"

ဒီလိုပြောပြန်တော့လည်း နေအခရာမှာ ဘာပြန်ပြောရမှန်းမသိ။ ဒီကောင်လေးရဲ့ သရုပ်မှန်ဟာ ဘာလဲဆိုတာ သူ့လိုလူရည်လည်တဲ့ကောင်တောင် သေချာသိနိုင်ဖို့ခက်နေပြီဖြစ်သည်။ သူ့ကိုတွေ့ချင်ပါတယ်လို့ပြောလာပေမဲ့ ထိုစကားကို သူမယုံ။ တကယ်လည်း မဖြစ်နိုင်။ နေအခရာနဲ့ ဒီကောင်လေးတို့ကြားက ဆက်ဆံရေးဟာ ဒီလောက်ထိ နီးကပ်ခဲ့တာမှ မဟုတ်တာ။

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now