"ပိုင်ပိုင်"
"ဗျာ"
"သား ဒီနေ့တော့ စျေး လိုက်မယ် မဟုတ်လား"
"လိုက်ခဲ့ပါ ပိုင်ပိုင်ရယ်...ခန့်ဇော်တို့မိသားစုက နင့်ကို ကြောင်းလမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး..."
"မမနော်"
"ဘာမှ ရှက်စရာ မလိုပါဘူး ငါ့မောင်ရယ်...ဒီရွာမှာ အမျိုးသားချင်း ရည်ငံကြတာ အခုမှ မဟုတ်ဘဲဟာ"
"မင်း အစ်မ ပြောတာ ဟုတ်သားပဲ သားရဲ့...ပြီးတော့ သားကသာ သတိမထားမိခဲ့လို့...မောင်ခန့်ဇော် သားအပေါ် မေတ္တာရှိနေတာ ကြာလှပြီ...အမေတို့ သိသလို စျေးထဲက လူတချို့လည်း သိကြတယ်"
"ကဲပါ အမေရာ...ကျွန်တော် စျေးလိုက်ခဲ့ပါမယ် ဟုတ်ပြီလား"
သူရှက်တာက သူ တစ်ချိန်လုံး ကိုယ့်အစ်မကို ကြိုက်နေတယ်လို့ ထင်တဲ့သူက တကယ်တမ်း ကိုယ့်ကို ကြိုက်နေမှန်း သိလိုက်ရ၍ ဖြစ်သည်။ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ကိုခန့်ဇော်ရဲ့ မိဘတွေ သူတို့အိမ် လာတော့ သားရေး၊သမီးရေး နားလာဖောက်ကြမှန်း သူရိပ်မိလိုက်ပေမယ့် သားရေး၊သားရေး ဆိုတာတော့ အမေပြန်ပြောပြမှ အရှင်းနားလည်ခြင်း။
"ဟိုသားအမိတွေ အဆင်သင့်ဖြစ်ပြီလားဟေ့...နေမြင့်ရော့မယ်"
"လာပြီတော်ရေ...ဒီမှာ တော့်သားကို စျေးလိုက်ဖို့ ချော့မော့ ခေါ်နေရလို့"
"ငါ့သားက အခုထိ မျက်နှာပူတုန်းလားဟ"
"မပူဘဲ နေပါ့မလားဗျာ...စျေးထဲရောက်ရင် ဆိုင်ချင်းက မျက်နှာချင်းဆိုင်မို့ ပိုတောင် မျက်နှာ ပူရဦးမယ်"
အဖေမောင်းမည့် သုံးဘီးဆိုင်ကယ်ပေါ်သို့ဆွဲခြင်းတွေ ကူတင်ပေးရင်း သူ ညည်းညည်း ညူညူ ပြောတော့ အဖေက ရယ်ပါသည်။
သူ့အား ယောက်ျားတစ်ယောက်ဘက်က လာကြောင်းလမ်းတဲ့ ကိစ္စကို သူကလွဲလို့ သူ့မိသားစုဝင်တွေ ဘယ်သူမှ မအံ့ဩကြပေ။
အဖေကလည်း ကိုခန့်ဇော်နှင့် ယာချင်းကပ်ရပ် အလုပ်လုပ်နေတဲ့သူဆိုတော့ ကိုခန့်ဇော်ရဲ့စိတ်နေသဘောထားကို တီးမိခေါက်မိ ရှိပြီးသားပင်။"ဒီနေ့ ပိုင်ပိုင် ပါလာတာပဲ"
"ဟုတ်ကဲ့ဗျ"