"အိမ်ကိုလည်း မကြာမကြာ ပြန် လာလည်ဦးနော် သားလေး"
"ဟုတ်"
ပိုင်ပိုင်တို့တွေ အိမ်သစ်ကို ပြောင်းကြတော့ မေမေမိုးက မျက်ရည်လေး တစမ်းစမ်းနှင့်ဖြစ်သည်။ သူလည်း ကိုခန့်တို့ မိသားစုကို သံယောဇဥ်တွယ်နေပြီမို့ ဒီအိမ်မှာ မေမေမိုးတို့ လူကြီးနှစ်ယောက်တည်းကို ထားခဲ့ရမှာ စိတ်တော့ မကောင်းပါ။
ယောက္ခမအိမ် ဖြစ်သော်လည်း နေခဲ့သည့် ကာလတစ်လျှောက် သူ စိတ်အားငယ်ရတာမျိုး တစ်ခါသော်မျှ မရှိခဲ့ဘဲ ကိုခန့်နှင့်သူ ကတောက်ကဆဖြစ်လျှင်တောင် ဦးကြီးအောင်ဇော်ကအစ သူ့ဘက်ပဲ လိုက်တာဖြစ်သည်။
မေမေမိုးဆိုလည်း သူ့ကို သားအရင်းနှင့်မခြား ချစ်ခင်ကြင်နာပေးသလို သူ တတ်ချင်သည့် ဟင်းချက်နည်းတွေကိုလည်း စိတ်လက်ရှည်စွာ သင်ပြပေးခဲ့၏။ လပြည့်ညတွေဆို အိမ်ရှေ့လမ်းမှာ လာကစားကြသည့် ကလေးတွေကို
မေမေမိုးနှင့်သူ မုန့်တွေလုပ်ကျွေးတာလည်း ပျော်စရာကောင်းခဲ့သည်။"ကဲ နှစ်ယောက်တည်း နေရတော့မယ်"
ကိုခန့်ဇော်ကတော့ လွတ်လပ်ပြီဆိုပြီး စိတ်ထဲကျိတ်ပျော်နေတာများ တစ်နေ့လုံး ပြုံးပြုံးကြီးပင်။
"အိပ်ရာခင်းရော ခြင်ထောင်၊ပြတင်းလှိုက်ကာတွေ အကုန် စောင်နဲ့အတူ နို့စိမ်းရောင်သုံးမယ် ကိုကို"
"ကောင်းပြီဗျား"
သူ မွေ့ရာခင်းစွပ်နှင့်ခေါင်းအုံးစွပ်တွေစွပ်နေစဥ်မှာ ကိုခန့်က ခြင်ထောင်နှင့်ပြတင်းလှိုက်ကာတွေကို တပ်ပေးသည်။
ပြီးတော့ ကိုခန့်က ခုတင်နားသို့ လျှောက်လာကာ သူ ဖက်လုံးစွပ် စွပ်နေတာကို မျက်မှောင်ကြုတ်ကြည့်၏။
မနေ့က ခန်းဝင်ပစ္စည်းတွေ ဝယ်ကတည်းက သူ ဖက်လုံးပါဝယ်တာကို ကိုခန့်က ဘဝင်မကျချင်။
"ဖက်လုံးကြီးက ရှုပ်တယ်ကွာ"
"ကျွန်တော် အမေတို့အိမ်မှာဆို ဖက်လုံးနဲ့မှအိပ်ပျော်တာ ကိုကိုရ...ကိုကိုတို့အိမ်မှာက မရှိလို့သာ...အိမ်ခွဲနေရင် ဝယ်ဖြစ်အောင် ဝယ်ဖို့စဥ်းစားထားပြီးသား"