"ပိုင်ရေ...ကံ့ကော်တွေ ပွင့်နေပြီကွ"
"ဟုတ်လား!"
လက်ထဲတွင် ယောက်ချိုဇွန်းကြီး ကိုင်လျက် အိမ်ရှေ့သို့ ပြေးထွက်လာသည့် ပိုင်ပိုင်က ခန့်ဇော်ရပ်နေသော ကံ့ကော်ပင်အောက်ကို ရောက်တော့ အပေါ်ကို မော့ကြည့်သည်။
မနက်တိုင်း ပိုင်ပိုင့်အတွက်ပန်းခူးပေးနေကျ ခန့်ဇော်က ဒီမနက်တော့ နှင်းဆီတွေ ထွက်ခူးရင်း ကံ့ကော်ပန်းတွေ ပွင့်နေတာကို သတိထားမိခြင်းပင်။
"တကယ် ပွင့်နေပြီပဲ"
အရင်ရက်တွေကတည်းက ကံ့ကော်ပွင့်ချိန်ကို မျှော်နေသော ပိုင်ပိုင်က အဖူးလေးတွေကြား ဟိုတစ်ပွင့် သည်တစ်ပွင့် ငွင့်စွားနေသည့် ကံ့ကော်ပန်းတွေကို မြင်တော့ ပျော်သွား၏။
"ခူးပေးရမလား"
"ဟုတ်...ခူးထားပေးနော်...ကျွန်တော် ဟင်းအိုးတန်းလန်းနဲ့မို့"
သူ့အချစ်ကလေး အိမ်ထဲကို ပြန်ဝင်ပြေးသွားသည့်နောက် ခန့်ဇော် လက်ထဲက နှင်းဆီပန်းခြင်းကို ကံ့ကော်ပင်အောက်ရှိ သစ်သားခုံပေါ်တွင် ခဏ တင်ပြီး ချူတံ သွားယူလိုက်သည်။
ခန့်ဇော် ကံ့ကော်ဖူးတွေမကြွေအောင် ဂရုစိုက်ကာ အပွင့်ပါသည့် အခက်တွေကိုချည်း ရွေးခူးပြီး တစ်ပွင့်ချင်းဆီကို ပန်းခြင်းထဲသို့ ညင်သာစွာ ထည့်ရ၏။
ကံ့ကော်ပန်းရဲ့ပွင့်ချပ်တွေက နူးညံ့လွန်းသဖြင့် တစ်ပွင့်လေးမှ အနာအဆာမပါစေချင်။
ဆယ်ပွင့်လောက်ရတော့ ခန့်ဇော် ပန်းခူးသည့် ချူတံကိုပြန်သိမ်းပြီး အိမ်ထဲကို ဝင်သွားလိုက်သည်။
"ပန်းရပြီ အချစ်ကလေး"
"ကျေးဇူးတင်ပါတယ် ကိုကို...
ကျွန်တော် ဘုရားလှူလိုက်ဦးမယ်နော်""ဟင်းတွေက ကျက်ပြီမလား...ကိုယ် မနက်စာ ပြင်ထားလိုက်တော့မယ်လေ"
"ဟုတ်"
ပိုင်ပိုင် ဘုရားပန်းလှူပြီး မီးဖိုခန်းထဲကို ပြန်ဝင်လာတော့ ခန့်ဇော်လည်း မနက်စာ အဆင်သင့် ပြင်လို့ပြီးချေပြီ။
"ဒီနေ့ ကြက်သွန်နှုတ်ရှိတယ်မလား ကိုကို"
"အင်း"