အပိုင်း ( ၅ )

6K 644 23
                                    

"ဒီနေ့ ဆိုင်ပိတ်လိုက်ပါလား ပိုင်ပိုင်ရဲ့"

"ဟုတ်ကဲ့ အမေ"

မိုးအကုန် ဆောင်းအကူး ကာလမို့ ရွာမှာ ရာသီတုပ်ကွေး ဖြစ်ကြသူများထဲ ပိုင်ပိုင်လည်း တစ်ယောက်အပါအဝင်ပင်။ သူက အဖျား သိပ်မကြီးပေမယ့်
ကိုယ်လက်တွေ မသယ်ချင်လောက်အောင်ကို ခန္ဓာကိုယ်တစ်ခုလုံး နုံးခွေနေ၏။ သို့သည့်တိုင် အိပ်ရာထဲမှာ လှဲမနေဘဲ အိမ်ရှေ့ကို ခဏခဏ ထွက်ကြည့်နေမိသဖြင့် လူက ပိုနွမ်းနယ်လာသည်။

"မနက်တိုင်း လာနေတဲ့ လူက ဒီမနက်လည်း လာမှာပေါ့ ပိုင်ပိုင်ရယ်...မျှော်တတ်ရန်ကော"

မမက သူ့ကို ပြုံးစစကြည့်ကာ ပြောလာတော့ ပိုင်ပိုင် ရှက်သွားရသော်လည်း အိမ်ပြတင်းနားက ကြမ်းခင်းအမြင့်ပေါ် တက်ထိုင်ပြီး ပြတင်းတံခါးမှတစ်ဆင့် အိမ်ရှေ့လမ်းကို ငြိမ်ငြိမ်လေး မျှော်ကြည့်နေတုန်းပင်။ ဒီရာသီက ရွာမှာ ခရမ်းချဥ်သီး ဆွတ်ချိန်မို့ အလုပ်များနေမည့် ကိုခန့်ဇော် တစ်ယောက် သူ့ဆီကို လာနိုင်ပါ့မလား မသေချာပေမယ့် ပိုင်ပိုင်ကတော့ ကိုခန့်ဇော်ကို တစ်မနက်လေး မတွေ့လိုက်ရလျှင် တစ်နေကုန် ရင်ထဲ ဟာနေတတ်ပြီ။

"ပိုင်ပိုင် အိမ်ဘက်မှာလားဗျ"

"ဟုတ်တယ် ခန့်ဇော်ရေ...တုပ်ကွေးဖျားနေလို့လေ"

ကိုခန့်ဇော်ရဲ့အသံကို ကြားကတည်းက
ပြတင်းနားမှာ လည်တဆန့်ဆန့် ဖြစ်နေသော ပိုင်ပိုင့်ဆီသို့ ခြေလှမ်းကျဲကြီးတွေနှင့် ကိုခန့်ဇော်က စိုးရိမ်တကြီး လျှောက်လာသည်။ ကိုခန့်ဇော်ရဲ့လက်တစ်ဖက်မှာ ကြိမ်ခြင်းငယ်လေးတစ်လုံး ကိုင်ထားပြီး ထိုခြင်းထဲမှာက အဖြူရောင်ပန်းတွေပါသည်။ ပြတင်းဘောင်ပေါ်တွင် ကိုခန့်ဇော် ညင်ညင်သာသာ တင်ပေးလာသည့် ပန်းခြင်းလေးကို ကြည့်လိုက်တော့ လိပ်ပြာဖြူသဏ္ဍာန် ငွေပန်းတွေက ပိုင်ပိုင့်ကို နှစ်လိုဖွယ် ပြုံးစေ၏။

"ဘယ်လိုနေသေးလဲ ပိုင်ပိုင်"

"ကျွန်တော် သက်သာပါတယ်ဗျ"

သူ ကိုခန့်ဇော်ရဲ့ မျက်နှာကို မော့ကြည့်လိုက်တော့ ကိုခန့်ဇော်ကလည်း ပြတင်းဘောင်တွင် လက်တစ်ဖက်ထောက်လျက် သူ့ကို ငုံ့မိုး ကြည့်လာသည်။ ကိုခန့်ဇော်ရဲ့မျက်ဝန်းညိုတွေထဲမှာ သူ့အား မြတ်နိုးခြင်းတွေသာမက စိုးရိမ်ခြင်းနှင့်ဂရုဏာသက်ခြင်းတွေကို မြင်ရသည့်အခါ ပိုင်ပိုင့် ရင်ထဲ နွေးကနဲပင်။ အကြည့်ချင်း ပြိုင်ဆိုင်နေကြတာ မဟုတ်ပေမယ့် ပိုင်ပိုင့်ဘက်က စပြီး မျက်လွှာချလိုက်ရခြင်းဟာ ဒါ ပထမဆုံး အကြိမ်ဖြစ်သည်။

"ခန့်ဇော်ရဲ့ပိုင်"Where stories live. Discover now