"ကိုပိုင်"
"ဝေ့"
"ဦးခန့်က ပန်းပို့ခိုင်းလိုက်လို့"
"ကျေးဇူးပဲ တာတူး"
တာတူး လာပို့သည့် နှင်းဆီဖြူတွေကို ပိုင်ပိုင် လက်ခံယူပြီး တာတူးအတွက် ထောပတ် ပေါင်မုန့်တစ်လုံးနှင့်ကိုခန့်ဇော်အတွက်တော့ ပန်ကိတ်နှစ်ခု ပြန်ထည့်ပေးလိုက်သည်။
"မင်းရဲ့လူကြီး ပို့ တာလား"
"အင်း"
စိုင်းနောင့်က မာလာရေစင်လှူဖို့ ဖလားထဲ ရေဖြည့်နေသည့် ပိုင်ပိုင့်အနားတွင် လာထိုင်၏။
"သူက မင်းကို နေ့တိုင်း ပန်းပို့နေကျလား ပိုင်ပိုင်"
"ဟုတ်တယ်...သူ မအားတဲ့နေ့တွေဆို အစောကလိုပဲ သူ့တူလေးနဲ့ လာပို့ခိုင်းတာ"
ပိုင်ပိုင် နှင်းဆီဖြူတွေကို အညှာခြွေကာ ဖလားထဲသို့ တစ်ပွင့်ချင်း ထည့်လိုက်တော့ ပွင့်ဖတ်တွေပေါ်မှာ ရေစက်ကလေးတွေ တင်နေသော နှင်းဆီဖြူတွေက ရေပေါ်ဝယ် လှုပ်လီလှုပ်လဲ့။
"အေးမြတဲ့အချစ်တွေနဲ့ပေးတဲ့ လက်ဆောင်ကျတော့လည်း ပန်းတစ်ပွင့်ပဲ ဖြစ်ဖြစ် လက်ခံရတာ စိတ်ချမ်းသာစရာပဲ"
ပိုင်ပိုင့်ဆီကနေ အပျော်တွေ ကူးစက်သွားသည့်အခါ စိုင်းနောင့်လည်း ပြုံးလာပါသည်။
"မင်းသျှန်မိုင်းက ငါ့ကို ပေးတဲ့ လက်ဆောင်တွေကျ တန်ဖိုးကြီးလေ ငါ ပူလောင်ရလေပဲ"
ထိုလူ့အကြောင်း တွေးမိတိုင်း စိုင်းနောင့်ရဲ့အပြုံးတွေ လွှင့်ပါး သွားရတာတော့ စိတ်မကောင်းစရာ။
"မင်း စိတ်ပြေ လက်ပျောက် ဖြစ်အောင်...ငါတို့တွေ ညနေကျ စတော်ဘယ်ရီ သွားခူးကြမလား"
"အင်း...ကောင်းသားပဲ"
စိုင်းနောင့်က တစ်မနက်ခင်းလုံး ပိုင်ပိုင့်ကို မုန့်ရောင်းကူတော့ ပိုင်ပိုင် တစ်နေ့စာ ရောင်းဖို့ လုပ်ထားသည့် မုန့်တွေအားလုံး မွန်းလွဲ ၁ နာရီလောက်မှာ အကုန် ကုန်သွား၏။
သူတို့ သူငယ်ချင်းနှစ်ယောက် နေ့လယ်စာ စားပြီးမှ ပိုင်ပိုင် အိမ်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်လေးကို စက်နှိုးလိုက်သည်။ သူ့လိုပဲ ဆိုင်ကယ်ဦးထုပ် ဆောင်းထားသော စိုင်းနောင့်က ဆိုင်ကယ် နောက်မှာ ခွထိုင်ကာ ပိုင်ပိုင့်ရဲ့ပခုံးတွေပေါ် လက်တင်လာ၏။