ခန့်ဇော် အခန်းထဲကို လိုက်ဝင်သွားတော့ ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့် ပိုင်ပိုင်က ဒူးတစ်ဖက် ထောင်လျက် ဘောင်းဘီကို လိပ်တင်နေသည်။
သူ ပိုင်ပိုင့်ရဲ့ရှေ့တွင် တင်ပလင်ခွေ ထိုင်ချလိုက်ကာ လက်ထဲက ဆေးသေတ္တာကိုဖွင့်လိုက်၏။
"ကျွန်တော့်ဘာသာ လိမ်းမယ်"
ပိုင်ပိုင်က သူ ဆေးလိမ်းပေးမှာကို လက်မခံဘဲ ဆေးသေတ္တာထဲက betadine ဘူးကို နှိုက်ယူသည်။
"ပိုင်"
သူ့ဘာသာ ဆေးလိမ်းရင်း မျက်နှာလေး ရှုံ့မဲ့နေသော ကောင်လေးကို ကြည့်ရင်း မဝံ့မရဲ ခေါ်မိသည့် ခန့်ဇော်ရဲ့အသံက တိုးတိုးလျှိုးလျှိုး။
"လက်တွေတော့ ကိုယ် လိမ်းပေးပါရစေ"
"ကျွန်တော်ဆော့လို့ဖြစ်တဲ့အနာ ကျွန်တော့်ဘာသာ ဆေးလိမ်းနိုင်တယ်"
သူ့အား ခပ်ပြတ်ပြတ် ပြောပြီး
ညာဘက်လက်ဖျံပေါ်က ပွန်းပဲ့ရာတွေကို ဆေးဆက်လိမ်းနေသော ပိုင်ပိုင်က ဝမ်းနည်းမှုနှင့်နာကျင်မှုတို့ပေါင်းကာ အောက် နှုတ်ခမ်းလေး တဆတ်ဆတ်တုန်နေရှာသည်။"ကိုယ် မှားသွားပါတယ် ပိုင်ပိုင်ရယ်..."
သူ ချော့လိုက်ကာမှ မျက်ရည်တွေ ပေါက်ကနဲ ပေါက်ကနဲ ကျလာသော ပိုင်ပိုင်က မရှိုက်မိအောင် ကိုယ့်အောက်နှုတ်ခမ်းကိုယ် ဖိကိုက်လိုက်တော့ ခန့်ဇော် ရင်ထဲ နာသွားရ၏။
"ကိုယ် တောင်းပန်ပါတယ်"
သို့သည့်တိုင် ပိုင်ပိုင်က ပါးနှစ်ဖက်ပေါ်က မျက်ရည်စတွေကို လက်ခုံဖြင့် ပွတ်ဆွဲသုတ်ပြီး နေရာမှ ထသွားတော့ ခန့်ဇော်မှာ ခြေမကိုင်မိ လက်မကိုင်မိ။
"ကျွန်တော် အဝတ်လဲမလို့ အပြင်ခဏထွက်ပေး"
"အင်း အင်း"
ခန့်ဇော် အခန်းပြင်သို့ ငါးမိနစ်ခန့် ထွက်ပေးပြီး ပြန်ဝင်သွားတော့ အဝတ်လဲပြီးပြီ ဖြစ်သည့် ပိုင်ပိုင်က အိပ်ရာပေါ်မှာ စောင်ခြုံပြီး လှဲနေပြီမို့ ခန့်ဇော်လည်း ညအိပ်ဝတ်စုံ လဲပြီးတာနဲ့ ခုတင်ပေါ်တက်ကာ ခြင်ထောင်ချလိုက်သည်။