အပိုင်း ( ၈ )

5.1K 559 17
                                    

ဆောင်းခိုစ ရာသီ ရောက်သည့်အခါ တောင်ယာစပါးများ ဝင်းမှည့်လာပြီး ယာရိတ်ချိန် ရောက်လာသည်။ စပါးများ နေလှန်းချိန် ညီမျှအောင်  တစ်ရက်တည်း ယာတစ်ခင်း အပြီးရိတ်နိုင်ဖို့ ကိုခန့်ဇော်တို့ အပါအဝင် စပါးစိုက်သည့် လယ်သမားတိုင်းက အဖေ့ယာတွင် စပါး လာရိတ်ကူကြ၏။

သူတို့ရွာမှာက လယ်ပုတ် ယာပုတ်ချိန်ဆို အခကြေးငွေဖြင့် အလုပ်မလုပ်ဘဲ လက်စားလျှိုသည့် သဘောဖြင့် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်း ကူညီကြတာ ဖြစ်သည်။ ကိုခန့်ဇော်တို့လယ်ယာတွေနှင့်တခြား လယ်ယာပိုင်ရှင်တွေ စပါးပုတ်ချိန် အလှည့်ကျလျှင်လည်း အဖေတို့က ပြန်ကူကြလိမ့်မည်။

စပါးတွေကို နှစ်ရက် သုံးရက်ခန့် နေလှန်းပြီးနောက် စပါးပုတ်သည့်နေ့တွင်တော့ ယာပုတ်သမားတွေကို ညစာ ကျွေးမွေးဖို့ရာအတွက် အမေနှင့်အတူ ပိုင်ပိုင်တို့က ချက်ပြုတ်နေကြရသည်။ ထမင်းအတွက် လယ်ဆန်ချက်ပြီး ဟင်းအတွက်ကတော့ ကြက်သားဆီပြန်၊ဝက်သားဆီပြန်၊ပဲလုံးဆေးခါးဟင်း၊ပဲပုပ်ထောင်း၊ကင်ပေါင်းကြော်၊ ကြွေမုန့်ကြွပ်ကြော်၊ငရုတ်သီးလုံးကြော်တို့ကို ဖွယ်ဖွယ်ရာရာ ပြင်ဆင်နေကြစဥ်တွင် သူတို့ အိမ်သို့ ဧည့်သည်ရောက်လာ၏။

"နောင့်နောင့်"

ယာပုတ်ချိန်ကျ လာလည်မည်ဟု ပြော ထားသော သူငယ်ချင်းကို မျှော်နေတုန်း မြင်လိုက်ရတော့ ပိုင်ပိုင် ပျော်သွားသည်။ ပိုင်ပိုင် မီးဖိုဆောင်ထဲကနေ အိမ်ရှေ့ကို ပြေးထွက်သွားလိုက်တော့ နောင့်နောင့်က သူ့ကို ပွေ့ဖက်လာ၏။ ပိုင်ပိုင်တို့ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်ရဲ့အလွမ်းသယ်နေမှုကို အမေတို့ လူကြီးတွေကတော့ ပြုံးလျက် ကြည့်နေကြသည်။

"မင်း ဒီမှာ ဘယ်နှရက် နေမှာလဲ"

"ပျော်သလောက်ပေါ့ကွာ"

ဒီတစ်ခေါက်တော့ လက်ထဲမှာ ကျောပိုးအိတ် တစ်လုံးသာ ပါလာသည့် နောင့်နောင့်က ဒီရွာမှာ အလွန်ဆုံး နေရမှ နှစ်ရက်လောက်ပဲ ဆိုတာကို သူ့ကိုယ်သူ လက်ခံလိုက်ဟန် တူပါ၏။ အရင်ကဆို ဒီရွာမှာ တစ်ပတ်လောက်နေမည်ဟု စိတ်ကူးပြီး နောင့်နောင့်က ခရီးဆောင်အိတ်နှင့်လာတတ်ပေမယ့် တစ်စုံတစ်ယောက်က ပြန်လိုက်ခေါ်တိုင်း နောင့်နောင့်မှာ အထုပ်သိမ်းပြီး ပြန်လိုက်သွားရသည်ချည်း။

"ခန့်ဇော်ရဲ့ပိုင်"Where stories live. Discover now