ခန့်ဇော် ဒီနေ့ ပိုင်ပိုင်နှင့်ချိန်းတွေ့ရမှာမို့ စိတ်လှုပ်ရှားနေ၏။
မနေ့ညနေက သူ ပိုင်ပိုင်တို့အိမ် သွားတော့ ပိုင်ပိုင်က နေကောင်းနေပြီဖြစ်ပြီး ဒီနေ့ ကြာပန်းခူးချင်ကြောင်း သူ့ကို ပြောလိုက်၍ ဖြစ်သည်။ ဆောင်းဝင်စ မနက်အစောကြီး ခန့်ဇော် ရေထချိုးနေတော့ အိမ်ကလူတွေက သူ့ကို အံ့ဩသလို ကြည့်နေကြသည်။
"လေတွေ ဖြတ်ကုန်ပါဦးမယ် ခန့်ဇော်ရဲ့"
"အဲလောက် မအေးပါဘူး အမေရာ"
ခန့်ဇော် ဒီနေ့ ကြာကန်ထဲ လှေလှော်ရမှာဆိုတော့ သက်သောင့်သက်သာ ရှိမည့် အဖြူရောင် ရှပ်အင်္ကျီလက်တိုနှင့်ကာကီရောင်ဘောင်းဘီရှည်ကို ဝတ်လိုက်၏။ မနက်ခင်းပိုင်း မြူတွေဆိုင်းနေသေး၍ အအေးမမိအောင် အပေါ်ကနေ အညိုရောင် ဆွယ်တာတစ်ထည် ထပ်ဝတ်လိုက်ပါသည်။
"မနက်စာ မစားတော့ဘူးလား"
"ရွာထိပ်မှာ ကောက်ညှင်းပေါင်း စားချင်လို့ အမေ"
ခန့်ဇော် အခန်းထဲမှ မထွက်ခင် တစ်သောင်းတန်တွေချည်း ညီညီညာညာ ထည့်ထားသည့် အနက်ရောင် ခေါက်ပိုက်ဆံအိတ်လေးကို ခါးကြားထဲ ထိုးလိုက်သည်။ ဖုန်း မယူခဲ့တာက ရေကန်ထဲ ပြုတ်ကျနိုင်တာက တစ်ကြောင်း ပိုင်ပိုင်နှင့်ချိန်းတွေ့သည့် နေ့လေးမှာ အလုပ်ဖုန်းတွေ မဖြေချင်တာက တစ်ကြောင်းကြောင့် ဖြစ်သည်။
"မင်္ဂလာပါ အန်တီခင်"
"အေး...မင်္ဂလာပါကွယ်"
ပိုင်ပိုင်တို့ အိမ်ရှေ့လမ်းတွင် တံမြက်စည်း လှဲနေသည့် အန်တီခင့်ကို ခန့်ဇော် နှုတ်ဆက်လိုက်တော့ အန်တီခင်က တံမြက်စည်းလှဲနေတာကို ခဏရပ်ကာ ခန့်ဇော်ကို ပြန်ပြုံးပြ၏။
"ကျွန်တော် ပိုင်ပိုင့်ကို လာခေါ်တာပါ"
မိကောင်းဖခင် သားသမီး ပီပီ သူ ပိုင်ပိုင့်ကို တွေ့ချင်တိုင်း ပိုင်ပိုင့်မိဘတွေဆီ အခုလိုပဲ ယဥ်ယဥ်ကျေးကျေး ခွင့်တောင်းလေ့ရှိပါသည်။
"အိမ်ထဲ ဝင်စောင့်လေ ခန့်ဇော်"
"ရပါတယ်ဗျ"