ပိုင်ပိုင်က သူ့ကို "ကိုကို" ဟု ခေါ်လိုက်ကတည်းက ခန့်ဇော် ရင်တွေ ခုန်နေသည်မှာ ကိုယ့်နားထဲမှာတောင် တဒိန်းဒိန်း ပြန်ကြားနေရသယောင်။
"ဒီလောက်ဆို ရပြီ"
"ကျေးဇူးပဲ ပိုင်ပိုင်"
သူ့ဆံပင်တွေကို လေမှုတ်ပေးပြီး လေမှုတ်စက်ကို ပြန်သိမ်းနေသည့် ပိုင်ပိုင်ကတော့ ပုံမှန်အတိုင်း အေးအေးလူလူပင်။
"ကျွန်တော်တို့ စောစော အိပ်ရာဝင်ရအောင်လေ"
"အင်း"
ညဝတ်အင်္ကျီပေါ်က ရင်ခွဲဆွယ်တာလေးကို ချွတ်နေသော ပိုင်ပိုင့်အား ခန့်ဇော် ခေါင်းအစ ခြေအဆုံး ကြည့်မိတာလည်း မဝံ့မရဲ။
"ကျွန်တော် အနွေးထည်နဲ့မအိပ်တတ်ဘူး"
"ကိုယ်ရောပဲ"
ညဘက် ဘယ်လောက်အေးအေး အနွေးထည်ဝတ်အိပ်ရင် စိတ်အိုက်သဖြင့် ခန့်ဇော်လည်း ချောင်ချောင်ချိချိ ရှပ်အင်္ကျီလက်ရှည်နှင့်ချည်သားဘောင်းဘီရှည်ပဲ ဝတ်ထားသည်။
"ကျွန်တော် ပြတင်းဘက်မှာ အိပ်မယ်နော်"
"ပိုင်ပိုင့်သဘော"
ညအိပ်ဝတ်စုံ အပြာရောင် ဖျော့ဖျော့ လေးနဲ့ပိုင်ပိုင်ကတော့ ပေါ့ပါးလွတ်လပ်စွာပင် အိပ်ရာပေါ် အရင်တက်သွားပြီး နှစ်ယောက်အိပ်ခုတင် အကျယ်ကြီး ရဲ့ ဘယ်ဘက်အခြမ်းတွင် ဝင်လှဲလိုက်ပြီ။
"လာလေ ကိုခန့်"
နံဘေးနေရာလွတ်ကို လက်ပုတ်ပြသည့် ပိုင်ပိုင်က သူနှင့်အတူ ဖြတ်သန်းရမည့် မင်္ဂလာဦးညအတွက် ကြောက်ရွံ့ တုန်လှုပ်နေဟန်မျိုး စိုးစဥ်းမျှ မရှိချေ။
"ရေချိုးထားပေမယ့် ဒီည သိပ်မအေးသလိုပဲနော်"
ခန့်ဇော် စကားတွေ ရောက်တတ်ရာရာပြောကာ ခြင်ထောင် ကြိုးစတွေကို အသာအယာ ဖြည်ချလိုက်ပြီး ခုတင်ပေါ် ဝင်လှဲလိုက်တော့သည်။
"ဒီဘက်ထိ တိုးလို့ရပါတယ် ကိုခန့်ရဲ့"
ခါးထိပဲ ခြုံထားသည့် စောင်ကို သူ့ဘက်ကိုလည်း လုံအောင် လွှမ်းပေးရင်း ပိုင်ပိုင်က ပြောတော့ ခန့်ဇော် သူနှင့်ပိုင်ပိုင့်ကြား နှစ်ပေလောက် ခြားနေရာမှ တစ်ပေလောက်သာ ကွာတော့သည့်အနေအထားအထိ တိုးကပ်သွားလိုက်ပြီး