နှစ်ကုန်ရက်တွင် ကိုခန့်ဇော်က ပိုင်ပိုင့်ကို လူကြီးမိဘစုံရာနှင့် လာတောင်းရမ်းခဲ့သည်။
ကိုခန့်ဇော်ရဲ့မိဘတွေက ပိုင်ပိုင့်ကို လယ် ( ၁၀ ) ဧက၊ ရွေ ( ၁၀ )သား၊ ငွေ သိန်း( ၁၀၀ ) ဖြင့် ရွှေလမ်း ငွေလမ်း ခင်းခဲ့သည့်အပြင် မင်္ဂလာကိစ္စအဝဝကိုလည်း ကိုခန့်ဇော်တို့ဘက်ကပဲ လိုလေးသေးမရှိ စီစဥ်ပေးနေကာ ပိုင်ပိုင်တို့ မင်္ဂလာရက်က ဇန်နဝါရီလ ၃၁ ရက်နေ့မို့ မင်္ဂလာပွဲ ကျင်းပဖို့ တစ်ပတ်ခန့်သာ လိုတော့တာဖြစ်သည်။
"ပိုင်ပိုင်"
"လာပြီဗျ"
အိမ်ရှေ့မှ ကိုခန့်ဇော်ရဲ့ခေါ်သံကို ကြားတော့ ပိုင်ပိုင် အိမ်ပေါ်ထပ်ကနေ ခပ်သွက်သွက် ဆင်းသွားလိုက်၏။
"မင်္ဂလာဖိတ်စာတွေ ရပြီတဲ့...ကိုယ်တို့ အတူတူ သွားယူရအောင်"
"ဟုတ်ကဲ့"
ကိုခန့်ဇော် ရပ်နေသည့် ဆိုင်ကယ်နားသို့ ပိုင်ပိုင် လျှောက်သွားလိုက်တော့ ကိုခန့်ဇော်က သူ့ကို ဆိုင်ကယ်ဦးထုပ် ဆောင်းပေးလာသည်။ မိတ္တူဆိုင်က ရွာထိပ်တင် ဆိုပေမယ့် သူတို့ ဘယ်သွားသွား ကိုခန့်ဇော်က ကိုယ်တိုင်လည်း ဆိုင်ကယ်ဦးထုပ် မပါဘဲ မသွား။
"တက် ပိုင်ပိုင်"
ပိုင်ပိုင် အိမ်နေရင်း ချည်သားဘောင်းဘီရှည် ဝတ်ထားတာမို့ ကိုခန့်ဇော်ရဲ့ဆိုင်ကယ်ပေါ် ခွထိုင်လိုက်ပြီး
ဆိုင်ကယ် စက်နှိုးနေသည့် ကိုခန့်ဇော်ရဲ့ပခုံးတွေပေါ် လက်တင်လိုက်၏။အိမ်ကနေ ထွက်လာပြီး လူရှင်းသည့် လမ်းမပေါ် ရောက်ခါမှပဲ သူ့လက်တွေကို ကိုခန့်ဇော်ရဲ့ခါးတစ်ဝိုက်မှာ သိုင်းဖက်လိုက်ကာ ကိုခန့်ဇော်ရဲ့ကျောပြင်မှာလည်း ပါးတစ်ဖက် ကပ်မှီလိုက်ပါသည်။
လေပြည်အေးအေးနှင့်အတူ ကိုခန့်ဇော်ရဲ့ရှပ်အင်္ကျီမှ ဆပ်ပြာမွှေးရည်ရနံ့ကို ရှူရှိုက်မိသည့်အခါ ပိုင်ပိုင့်ရဲ့စိတ်အာရုံတွေ ကြည်လင် လန်းဆန်းသွားရပြီး ကြည်ကြည်နူးနူး ပြုံးလိုက်မိသည်။
ဆိုင်ကယ်ကို ဖြည်းဖြည်းနှေးနှေးသာ မောင်းနေသည့် ကိုခန့်ဇော်ကလည်း ဒီအခိုက်အတန့်လေးကို အချိန်ကြာကြာ ခံစားချင်သည့်ပုံပင်။