ဒီနေ့ ပိုင်ပိုင် ဆိုင်ဖွင့်မည့်နေ့ဖြစ်၍ ခန့်ဇော်လည်း အိပ်ရာအစောကြီး ထပါ သည်။ သူ့အချစ်ကလေးက ဆိုင်ဘက်မှာ ရောင်းမည့်မုန့်တွေ လုပ်နေရတာမို့ သူက အိမ်ဘက်မှာ မနက်စာ ချက်ပေးလိုက်၏။
ပြီးနောက် သူ ပိုင်ပိုင့်ကို ပေးဖို့အတွက် ကံ့ကော်ပန်းတွေ ခူးသည်။
အခုဆို ကံ့ကော်တွေ အများကြီးပွင့်နေပြီမို့ အိမ်ဘုရားကို လှူရုံတင်မက အမေတို့အိမ်တွေကိုပါ ခူးပို့ရသည်အထိ။
"အချစ်ကလေး...သနပ်ခါး လိမ်းမလား...ကိုယ် သွေးပေးမယ်"
"ဟုတ်ကဲ့ ကိုကို"
နွေရာသီမို့ သနပ်ခါးလိမ်းတာက အသားအရည်အေးမြစေသည့်အပြင် နေလောင်ဒဏ်လည်း ကာကွယ်သည်။
ပြီးခဲ့တဲ့ရက်က အညာကို ဘုရားဖူးထွက်ကြသည့် ခန့်ဇော်ရဲ့ဝမ်းကွဲညီမတွေ အမေ့အိမ်ကို ရွှေဘိုသနပ်ခါးတုံးတွေ လက်ဆောင်လာပေးတာနဲ့ကြုံတော့ ခန့်ဇော်လည်း တစ်တုံးယူခဲ့တာဖြစ်သည်။
သနပ်ခါးကျောက်ပြင်ကတော့ ပိုင်ပိုင်တို့အိမ်ကနေ ပိုင်ပိုင်လိမ်းနေကျ ကျောက်ပြင်ကို ယူခဲ့ကာ ခန့်ဇော် သေချာလေး ပြန်လည်ဆေးကြောသန့်စင်ထား၏။
အရင်ဆုံး ထိုကျောက်ပြင်ပေါ်ကို ရေစက်နည်းနည်းတင်ပြီး သနပ်ခါးတုံးကို သွေးလိုက်သည်။ အပွေးကောင်းသည့်သနပ်ခါးက ခဏတွင်းချင်း အနှစ်တွေထွက်လာကာ ရနံ့လေးကလည်း သင်းနေ၏။
သနပ်ခါး အရည်ကျဲကျဲလေးဖြစ်နေတုန်းမှာ သူ အစောက သပ်သပ်ဖယ်ထားသော ကံ့ကော်ပန်းနှစ်ပွင့်ကနေ ဝတ်ဆံတွေ ခြွေထည့်လိုက်သည်။
ကံ့ကော်ဝတ်ဆံတွေနှင့်ရောပြီး သနပ်ခါးကိုပျစ်နေအောင်သွေးလိုက်တော့ သနပ်ခါးနံ့က ပိုမွှေးသွား၏။"သနပ်ခါးလိမ်းလို့ရပြီ ပိုင်ရေ"
ဘုရားခန်းထဲတွင် မာလာရေစင်လှူပြီး ထွက်လာသည့်ပိုင်ပိုင်က သူ့နံဘေးမှာ ထိုင်ချလာတော့ ခန့်ဇော် ကြည့်မှန်ကို အရင်ယူပေးလိုက်သည်။
ထို့နောက် သနပ်ခါးကျောက်ပြင်ကို ပိုင်ပိုင့်ရှေ့သို့ တိုးပေးပြီး သနပ်ခါးပွတ်တံလေးကို ပိုင်ပိုင်လိုရင် ပေးရအောင်လို့ အဆင်သင့်ကိုင်ထားလိုက်၏။