6.အိမ်ပြန်ခရီး

360 58 3
                                    

" တော်သေးတာပေါ့ အချိန်မီလေး မြင်လိုက်လို့။
အသားခြောက်ကင်တဲ့အနံ့ရလို့ရောက်လာတာဖြစ်မယ် "

ဟွန်းက အခုမှစိတ်အေးသွားဟန်ဖြင့် ကျွန်တော့်ကိုသေချာရှင်းပြနေတော့ ကျွန်တော့်စိတ်ထဲ လုံခြုံနွေးထွေးသွားခြင်းနဲ့အတူ
ကိုယ့်ကိုယ်ကိုယ်တောင်မထိန်းလိုက်နိုင်ဘဲ မျက်စိရှေ့ကလူသားကို လှမ်းဖက်လိုက်မိသည်။

သူက တစ်ခဏလောက် ကြောင်သွားပြီးတော့မှ

" အရမ်းလန့်သွားလား"

ဟုဆိုကာ ကျွန်တော့်ကိုပြန်ဖက်ထားပြီး ကလေးတစ်ယောက်ကိုချော့မြူသလို ကျောပြင်ကိုအသာအယာလေးပုတ်ပေးနေသည်။

"မကြောက်ပါနဲ့ငါရှိတယ် "

နားနားမှာကပ်ပြီး တိုးညင်းငြင်သာစွာပြောလိုက်တဲ့စကားသံပေမယ့် တစ်သက်လုံးကြားယောင်နေဖို့လုံလောက်လေသည်။

အသံကတော့အေးဆေးတည်ငြိမ်နေပေမယ့် ဟွန်းရင်ခုန်သံတွေမြန်နေတာကို ရင်ခွင်ထဲရောက်နေချိန်မို့ ခံစားလိုက်မိသည်။

သူလည်း လန့်သွားတာဖြစ်မယ်။

ဘယ်လောက်ပဲသန်မာပါတယ်ပြောပြော ၁၀နှစ်သာသာ ကလေးအရွယ်တွေမလား ။

" ဆောန် မင်းဖျားနေပြီထင်တယ်"

ကျွန်တော့်ခန္ဓာကိုယ်က အပူငွေ့ကြောင့် နဖူးပေါ်ကိုသူ့ရဲ့လက်တစ်ဖက်ရောက်လာသည်။

မိုးတွေရွာပြီးရာသီဥတုလည်းစိမ့်နေအောင်အေးတာကြောင့် ခြေထောက်ဒဏ်ရာက သာမန်ထက်ပိုကိုက်ခဲလာရုံသာမက အခုလေးတင်ထိတ်လန့်စရာလည်းကြုံလိုက်သေးတာမို့ အဖျားဝင်သွားတာဖြစ်မည်။

"ဒီမှာခဏထိုင်နေ မင်းအနားယူဖို့ငါပြင်ဆင်ပေးမယ် "

ဟွန်းက ကျောက်ဂူရဲ့တစ်ဖက်မှာထောင်ထားတဲ့ မြက်ဖျာတစ်လိပ်ကို အန္တရာယ်ပေးနိုင်မယ့်အကောင်တွေရှိမရှိစစ်ဆေးကာ မီးပုံနားမှာမီးအပူပေး၍ ပူနွေးခြောက်သွေ့စေပြီးနောက် ဖြန့်ခင်းလိုက်သည်။

"ရပြီ ဒီမှာလာအိပ်လိုက် ငါစောင့်ပေးမယ်"

အဖျားကလည်းတရိပ်ရိပ်တက်လာတာမို့ ဟန်မဆောင်နိုင်တော့ဘဲ မြက်ဖျာပေါ်မှာလှဲအိပ်လိုက်သည်။

Majestic Love Story In Dae Goguyeo Where stories live. Discover now