Episode 35

1.7K 107 81
                                    

Unicode

"ဒုတ်!!"

နဒီထွဋ်ခေါင်မှာ ကျောင်းတုန်းက အတန်းဖော်တွေနှင့် စကားပြောပြီး အိမ်ပြန်ရန် မိမိ၏တူဖြစ်သူအား လိုက်ရှာနေစဥ် အရှိန်ပြင်းပြင်းဖြင့်ဝင်တိုက်ခံရတာကြောင့် ဒေါသကထွက်သွားသည်။

"တောက်ခ်!!"

ဒါ့အပြင် လူကို ဝင်တိုက်ပြီး ဖယ်ခွာမသွားပဲ နဒီ့၏ ရင်ဘတ်ပေါ်မှာ မျက်နှာအပ်ထားတဲ့ ဘယ်ကမှန်းမသိတဲ့ လူကြောင့် ပခုံးနှစ်ဖက်ကနေဆွဲကိုင်ကာ တွန်းထုတ်လိုက်စဥ်...

"မင်္ဂလာပါ ဦးဦး...ဟီး"

နဒီ့၏ ရင်ဘတ်ပေါ် ခေါင်းမှီရင်း မော့ကြည့်လာတဲ့ မျက်နှာက တစ်ခါမြင်ဖူးရုံနှင့် တစ်သက်လုံးမမေ့နိုင်သည့် မျက်နှာမျိုး။စကားတွေ ပြတ်တိပြတ်တောင်းပြောရင်း ရယ်မောနေပုံအရ ပုံမှန်တော့မဟုတ်။

"လူတစ်ယောက်လုံးကို မမြင်ရအောင် ကန်းနေတာလား"

"ဟီးဟီး...ဟုတ်တယ် အကန်းလေး သားက အကန်းလေးလေ...အကန်းတောင် ရိုးရိုးအကန်းမဟုတ်ဘူးနော် အ...ချစ်...မျက်...ကန်း ...."

စကားတွေကို လေးပင်စွာဆိုရင်း လက်ညိုးတစ်ထောင်ထောင်နှင့် ပြောနေပုံအရ ဘယ်လောက်တောင် သောက်ထားလဲမသိ။စကားတစ်ခွန်းပြောတိုင်း ယိုင်နဲ့နေတဲ့ ခြေထောက်တွေက တကယ့်အမူးသမားအတိုင်းပင်။

ထိုအမူးသမားကို တွန်းဖယ်ကာ ထိုနေရာမှ ထွက်သွားဖို့ ပြင်တော့ နဒီဝတ်ထားတဲ့ Long coat အညိုရောင်ရဲ့ ခါးနောက်ပိုင်းမှာ စတိုင်ကျကျ ချည်နှောင်ထားသည့် ကြိုးကို ဆွဲကိုင်ထားသည်။

"ကျစ်...ဘာလုပ်တာလဲ!"

နဒီက စိတ်မရှည်သလို ဆိုတော့ လွှတ်ပေးသည်။အသံပါ ပျောက်သွားတာကြောင့် နဒီလည်း အနောက်ကို ပြန်၍ လှည့်ကြည့်မိခိုက် မြက်ခင်းပြင် စိမ်းစိမ်းပေါ် ငုတ်တုတ်ထိုင်ကာ နဒီ့ကို ငိုမဲ့မဲ့လေးမော့ကြည့်နေတဲ့ မျက်နှာကြောင့် ခြေတစ်လှမ်းပါ အနောက်သို့ ဆုတ်လိုက်မိသည်။

"ဦးဦးပြောတော့ နောက်တစ်ခါ ထပ်တွေ့မယ်ဆို...အခုကျ မသိချင်ယောင်ဆောင်နေတာလား အီး..."

နှလုံးသားပန်းတို့ ဖူးပွင့်ရာနယ်မြေ [COMPLETED]Where stories live. Discover now