Episode 20 [Unicode/Zawgyi]

720 34 2
                                    

Unicode

"ဒယ်ဒီ အဲ့ဆရာမကို ‌အလုပ်ဖြုတ်ပေးပါ"

စိုင်းစက္ကဆိုင်းတို့ ထွက်သွားပြီသည်နှင့် လှိုင်းခတ်သံမှာ သူ့အဖေအား ပြောလိုက်သည်။ ပုံမှန်လေသံဟုဆိုသော်လည်း တစ်ခန်းလုံးပင် ကြားနိုင်လေသည်။

စိုင်းစက္ကဆိုင်းအမေကြောင့် ဒေါသထွက်နေဆဲ‌ဖြစ်သော ဆရာမမှာ လှိုင်းခတ်သံကြောင့် ပိုဆိုးသွားသည်။

"ငါ့ကို အလုပ်ဖြုတ်ရအောင် နင့်ကိုယ်နင် ဘာမှတ်နေလဲ"

သူမ အော်လိုက်သော်လည်း အဖြေစကားက မရှိ။ ဦးခေတ်မင်းသစ်မှာလည်း ဂရုမစိုက်သည့်အလား သူ့သားကိုပဲ ဦးတည်လိုက်သည်။

"အလုပ်ပြုတ်တော့မဲ့ ဆရာမတစ်ယောက်စကားကို နားထောင်နေစရာ မလိုဘူး..ခွင့်ပြုပါဦး ဆရာမ"

သူ့သား၏ အတန်းပိုင်းကိုတော့ ယဉ်ကျေးသမှုနှင့် နှုတ်ဆက်လိုက်သည်။ အတန်းပိုင်မှာလည်း ထိုစကားကြားမှ အသိဝင်လာတော့သည်။ သူမ ခေါင်းကို ယောင်ယောင်ယမ်းယမ်း ငြိမ့်ပြမိလိုက်သည်။

ခဏကြာတော့ လှိုင်းခတ်သံက အတန်းထဲပြန်ဝင်လာပြီး သူ့နေရာတွင် သူပြန်ထိုင်သည်။ မိဘတွေ ပြန်သွားပြီဖြစ်သည့်အတွက် ဆရာမက စာဆက်သင်နေသည်။ သို့သော် လှိုင်းခတ်သံကိုလည်း မသိမသာ အကဲခတ်မိပါသေးသည်။
ဆရာမသာမက ‌အတန်းထဲက ကျောင်းသားများကလည်း မသိမသာရော သိသိသာသာပါ အကဲခတ်နေကြလေသည်။

လှိုင်းခတ်သံမှာ အကြည့်တို့ကို ခံစားမိသော်လည်း အားလုံးကို လိုက်ဂရုစိုက်နေရအောင် အားမနေပါ။ သူ စိုင်းအဆင်ပြေလား မပြေလားကိုသာ တွေးနေတာကြောင့် စာသင်သည်ကိုပင် ကောင်းကောင်းအာရုံမစိုက်နိုင််။ ဒါပေမဲ့လည်း စိုင်းက သူ့ဆီက စာပြန်ကူးမှာ ဖြစ်သည့်အတွက် သူ စာကို‌တော့ လိုက်ရေးနေသည်။ မိုးဦးကြွေဆီက စာအုပ်ကိုလည်း မငှားစေချင်ပေ။

ကျောင်းဆင်းသည်နှင့် လှိုင်းခတ်သံမှာ ရောင်မင်းခန့်တို့ကိုပင် မစောင့်ဘဲ ချက်ချင်းပြေးထွက်လာသည်။ သူသည် ကျောင်းဝင်ပေါက်တွင် အတန်းကြီးမှ ကျောင်းသားအချို့နှင့်ပင် တိုက်မိခဲ့တာကြောင့် အဆဲခံခဲ့ရသည်များလည်း ရှိသည်။ သို့သော်လည်း အဖက်မလုပ်နိုင်ပေ။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now