Episode 44

583 31 0
                                    

"ဟယ်လို အမိန့်ရှိပါ ဒေါက်တာစိုင်းစက္ကဆိုင်း ပြောနေပါတယ်"

စိုင်းမှာ တစ်ဖက်လူမှ ဘာမှပြောမလာတာကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘယ်သူလဲခင်ဗျ.. ကိစ္စမရှိရင် ချလိုက်တော့မယ်"

"မချလိုက်ပါနဲ့... ကိုယ်.. ကိုယ်ပါ"

တစ်ဖက်လူမှာ ပျာပျာသလဲပြောလာသောကြောင့် ဘယ်သူမှန်း ရုတ်တရက်မစဉ်းစားမိလိုက်။

"ဘယ်သူလဲဆိုတာ သေချာလေး ပြောပေးလို့ရမလား"

"ကိုယ်.. လှိုင်းခတ်သံ"
တစ်လုံးချင်းဆီကို အော်ဟစ်ပြောလာသည့် လှိုင်းခတ်သံကြောင့် သူ ဖုန်းပင် လွတ်ကျသွားသည်။ တော်သေးသည်က သူကလည်း အိပ်ရာပေါ်တွင်ဖြစ်တာကြောင့် ဖုန်းကလည်း အိပ်ရာပေါ်တွင်သာ ပြုတ်ကျသွားသည်။

သူ ဖုန်းကို ပြန်ကောက်လိုက်ပြီး တစ်ဖက်လူကို ပြန်ပြောလိုက်သည်။
"ရိုးရိုးပြောလည်း ကြားတယ်..ဘာကိစ္စရှိလို့လဲ"

"အသံလေး ကြားချင်လို့"

"လှိုင်းခတ်သံ!"
ထိုစကားကြောင့် သူ့လေသံတို့က မာထန်လာသည်။
တစ်ဖက်လူမှာလည်း အနည်းငယ် တိတ်ဆိတ်သွားသည်။ သူလည်း လေသံကို အနည်းငယ်လျှော့လိုက်ရင်း
"ငါ့ကို အဲ့လိုစကားတွေလာမပြောစမ်းနဲ့.. ငါ မကြိုက်ဘူး"

"..... ကိုယ် သိပါပြီ"

လှိုင်းခတ်သံ၏လေသံက အလွန်ဝမ်းနည်းသွားသည်ကို ဖုန်းထဲကနေတစ်ဆင့်ပင် ခံစားနိုင်သည်။ သို့သော်လည်း ထိုအရာက သူ့အကြောင်းမဟုတ်။

"ပြောစရာမရှိရင် ဖုန်းချလိုက်တော့မယ်"

"ခဏလေးတောင်... မရဘူးလား"

"မရဘူး"

စိုင်းကတော့ ဖုန်းချလိုက်ပြီးသည်နှင့် စိတ်ငြိမ်စေမည့် သီချင်းတစ်ပုဒ်ဖွင့်ကာ အိပ်လိုက်တော့သည်။
အလုပ်မှပင်ပန်းမှုတို့ကြောင့် ဘယ်လောက်မှပင်မကြာ သူ အိပ်ပျော်သွားတော့သည်။

စိုင်းက ကောင်းကောင်းမွန်မွန်အိပ်ပျော်သွားသော်လည်း အိပ်မပျော်နိုင်သည်က လှိုင်းခတ်သံပင်။
ဝရန်တာတွင် မတ်တပ်ရပ်နေရင်း ဆေးလိပ်သောက်နေသည်မှာလည်း ဘယ်နှလိပ်မြောက်မှန်းပင် မသိနိုင်တော့။ ရေချိုးပြီးခါစ ဆံပင်များကစိုရွဲနေကာ ခန္ဓာအောက်ပိုင်းကိုလည်း တဘက်တစ်ထည်သာ ပတ်ထားကာ အပေါ်ပိုင်းက ဗလာဖြစ်သည်။ တောင့်တင်းသည့်ခန္ဓာကိုယ်က ကြွက်သားအပြိုင်းပြိုင်း ထွက်နေခြင်းမဟုတ်ဘဲ ရှိသင့်သည့်ကြွက်သားအဖုအထစ်တို့က သူ့နေရာနှင့်သူ ကျစ်ကျစ်လစ်လစ်ရှိပေသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now