အခန်း ၄

314 35 1
                                    

“အရွေးခံလိုက်ရပြီးပြီဆိုမှတော့ တခြားနည်းလမ်း မရှိတော့ဘူး။ စိတ်မပူပါနဲ့”

သုန်းယန်းက ချော့ချော့မော့မော့ ပြောလာခဲ့သည်။

“တောက်ဓမ္မအရှင်စစ်ကျန်ကို တစ်ခါမှမမြင်ဖူးပေမဲ့ သူ့နာမည်အရတော့ သူက ကြင်နာလောက်မယ်လို့ ခံစားမိတယ်။ မင်း သွားရင် လုပ်ရမယ့်တာဝန်ကိုသာလုပ်ပြီး သိုသိုသိပ်သိပ်နေပေါ့”

ကိစ္စရပ်များဖြစ်ပြီးလျှင် ထွက်ပေါက်မရှိပေ။ ဘဝတွင် အခက်အခဲဟူ၍ မရှိပေ။ ရှိခဲ့လျှင်လည်း သူ့အနေဖြင့် လှဲအိပ်နေမည်သာ။ မည်သို့ပင်ဖြစ်စေ လျောင်ထင်ယန့်သည် အဆုံးမှတ်နှင့် အစမှတ်တွင် လှဲအိပ်လိုက်မည်သာ။

အကြည့်လွှဲလိုက်သည်နှင့်တစ်ပြိုင်နက် မည်သည့်အရာကိုမျှ ပြဿနာဟု သတ်မှတ်မရတော့ပေ။

သူတို့သည် ဘိုးဘေးက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့်နေ့ကို စောင့်နေကြရသည်။ လျောင်ထင်ယန့်သည် ဂိုဏ်းအတွင်းရှိ လူအားလုံးက ဤကိစ္စကို တကယ်ပင် စိတ်ပူနေကြောင်း တွေ့လိုက်ရသည်။ တစ်နှစ်ပတ်လုံး လျစ်လျူရှုခံခဲ့ရသည့် သူတို့၏ ကြည်လင်ကောင်းကင်တောင်ကြားသည် သူ့ကြောင့် သက်ဝင်လှုပ်ရှားလာခဲ့သည်။ နယ်မြို့အထက်တန်းကျောင်းလေးက ခရိုင်အဆင့် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ထိပ်တန်းကျောင်းသားကို ပိုင်ဆိုင်ထားသည့်အလား။

လူအများစုက လျောင်ထင်ယန့်တစ်ယောက် မည်သို့ ရွေးချယ်ခံခဲ့ရကြောင်း နားမလည်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးတပည့်များ အများအပြားရှိပြီး သူ့ထက် ပိုတော်သူများ အများကြီး ရှိသောကြောင့်ပင်။ လျောင်ထင်ယန့်ကိုယ်တိုင်သည်လည်း သူ မည်သို့ရွေးချယ်ခံခဲ့ရကြောင်း မသိပေ။ မေးမြန်းရန် ရောက်လာကြသည့် ဆရာတူအစ်မများက စိတ်ပျက်သွားကြရ၏။

“ပိုင်လီတောင်နဲ့ ချစ်ရွှေ့ခန်းမက တောက်ဓမ္မအရှင်စစ်ကျန်ပွဲအတွက် ပါဝင်ဖို့ လူလွှတ်လိုက်တယ်လို့ ကြားတယ်”

“ပိုင်လီတောင်နဲ့ ချစ်ရွှေ့ခန်းမတင် မဟုတ်ဘူး ဂိုဏ်းကြီးကြီး ငယ်ငယ်က အကုန်လာကြတာ။ သူတို့ အရည်အချင်းပြည့်မီလား ကြည့်ရမယ်။ ဒီတစ်ခါ အပြင်လူတွေကို ထွက်ခွာပွဲမှာ ပါခွင့်မပြုဘူးလို့ ကြားထားတယ်။ သူတို့တွေက သူတော်စင်သုံးဦးတောင်ဆီကိုသွားပြီး သူ့ကို လူကိုယ်တိုင် သွားကြိုလို့ရတယ်တဲ့။ တောက်ဓမ္မအရှင်စစ်ကျန်နဲ့ သက်ဆိုင်သူတွေက ငါတို့ ကန်းချန်းရှန်းဖူရဲ့ တပည့်တွေ၊ နန်းတော်အမျိုးမျိုး ဂူအမျိုးမျိုးနဲ့ ဝိညာဉ်ကြောအမျိုးမျိုးက ဆရာသခင်တွေပဲ ရှိတာလေ။ တခြားသူတွေက တောင်ခြေမှာပဲ နေခဲ့ရမှာ။ တခြားအပိုင်းက လူတွေက အနားတောင် ကပ်လို့မရဘူး”

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now