အခန်း ၁၁

264 35 0
                                    

မြွေနက်ကြီးသည် လှုပ်လှုပ်ရွရွဖြင့် ရှေ့သို့ဆက်သွားလိုက်ပြီး လျောင်ထင်ယန့်အိပ်နေသည့် နန်းတော်ခေါ်မိုးပေါ်သို့ အသံတိတ် တက်သွားလိုက်သည်။ သူ ရွေးချယ်ထားသည့် အိပ်စက်ရာနေရာသည် အလွန်ကို ကောင်းမွန်သည်။ ပထမဆုံးအနေဖြင့် ကြယ်ကြည့်ရာ စင်မြင့်ငယ်လေးရှိသည်။ ၎င်းကို အိပ်စက်ရာ ကွပ်ပျစ်အဖြစ် အသုံးပြုနိုင်၏။ ဒုတိယအချက်အနေဖြင့် မြေအနေအထားသည် မမြင့်သလို ဗဟိုမျှော်စင်နှင့်လည်း မနီးပေ။ အနီးနားက အမိုးပေါ်တွင် အခြားလူများ ရှိခဲ့လျှင်ပင် သူ့ကို ဤနေရာတွင် ရှာတွေ့ဖို့ကမလွယ်ကူပေ။ ဤနေရာရှိ နေရောင်ခြည်ကလည်း ကောင်း၏။

ယခုအချိန်တွင် လျောင်ထင်ယန့်သည် အိပ်ပျော်နေပြီဖြစ်သည်။ စစ်မာကျောင်းသည် မြွေကြီးပေါ်တွင် ထိုင်လျက် သူ့နားသို့ ရောက်လာခဲ့ပြီး သူ့မျက်နှာပေါ်က မျက်လုံးစည်းကို ကြည့်လိုက်သည်။ ထို့နောက် လက်မြှောက်ပြီး မျက်လုံးစည်းကို ပင့်မလိုက်ကာ သူ့မျက်နှာကို ကြည့်လိုက်၏။

“သူက အတင့်ရဲဆုံး တစ်ယောက်ပဲ”

သူသည် လက်ကို ပြန်ရုတ်လိုက်ပြီး သူ့အကြည့်များက လျောင်ထင်ယန့်၏ ဗိုက်ပေါ်သို့ ရောက်သွားခဲ့သည်။ ထူးဆန်းသော အပြုံးက သူ့မျက်နှာတွင် ထင်ဟပ်လျက် သူ့ကိုယ်သူ ပြောလိုက်သည်။

“မိစ္ဆာလောကက လူတွေတောင်မှ ဝင်လာနိုင်ကြတယ်။ အခု ကန်းချန်းရှန်းဖူက လူတွေ ဘယ်လောက်တောင် အသုံးမကျနေပြီလဲ။ သူတို့က သူ ငါ့ကို ဒေါသထွက်စေအောင် တမင်သက်သက် လုပ်ခိုင်းလိုက်တာလား ဒါမှမဟုတ် သူတို့တွေ သူ့ကို မလိုချင်တဲ့အထိ သူက တကယ်ပဲ အသုံးမကျတာလား”

တကယ်တော့ မူလက သူသည် ဤလူကို သတ်ချင်ခဲ့သည်။ ဤသို့သော ရုပ်ဖျက်မှုမျိုးက အခြားလူများကို လှည့်စားနိုင်သော်လည်း သူ့ကို မလှည့်စားနိုင်ပေ။ သို့သော် ယခုအခါတွင် စစ်မာကျောင်းတစ်ယောက် ရုတ်ချည်းဆိုသလိုပင် လျောင်ထင်ယန့်ကို မသတ်ချင်တော့ချေ။

မိစ္ဆာလောကက ကန်းချန်းရှန်းဖူကို ဘာပဲလုပ်ချင်လုပ်ချင် သူနှင့်မဆိုင်ပေ။ သူသည် ကန်ချန်းရှန်းဖူ ပျက်စီးကိန်းဆိုက်သည်ကို မိစ္ဆာလမ်းစဉ်ကျင့်ကြံရေးသမားများထက်ပင် ပိုမြင်ချင်သေးသည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now