အခန်း ၂၅

284 29 0
                                    

လျောင်ထင်ယန့်သည် ထိုနေရာတွင် ထိုင်နေပြီး မြင်ကွင်းကို အချိန်အကြာကြီး ကြည့်နေခဲ့သည်။ စစ်မာကျောင်းသည် အရုဏ်တက်အချိန်အထိ မတုံ့ပြန်ခဲ့ပေ။ မြွေနက်ကြီးသည် အရုဏ်ဦးအလင်းရောင်ထဲတွင် ၎င်း၏ခေါင်းကို စစ်ဆေးဟန်ဖြင့် ကြည့်နေလျက်ရှိသည်။ သူတို့သုံးဦးသာလျှင် အသက်ရှင်ကျန်နေခဲ့တော့သည်။ လျောင်ထင်ယန့်သည် မြွေနက်ကြီးကို လက်ဟန်ပြလိုက်သော်လည်း ၎င်းသည် အနားမကပ်ရဲ။ ခေါင်းကိုသာ နောက်ဆုတ်လိုက်၏။

လျောင်ထင်ယန့်သည် တစ်ညလုံးမအိပ်ထားရသောကြောင့် အလွန်အိပ်ချင်နေလေပြီ။ ကံမကောင်းသည်မှာ သူ၏ ကွပ်ပျစ်က မီးလောင်သွားပြီဖြစ်ပြီး ယခုအခါတွင် သူ နားစရာနေရာမရှိတော့ပေ။ ထိုအကြောင်း စဉ်းစားပြီးနောက် သူသည် အဝတ်စတစ်ခုနှင့် ကြိုးတစ်ချောင်းကို ရှာတွေ့သွားခဲ့သည်။ သူသည် ကြိုးပုခက်တစ်ခု ယာယီပြုလုပ်လိုက်ပြီး တိုင်လုံးနှစ်ဖက်တွင် ကြိုးချည်လိုက်ကာ လှဲအိပ်လိုက်တော့သည်။

လျောင်ထင်ယန့် အိပ်မပျော်သွားခင်တွင် ပီထန်ထဲရှိ စစ်မာကျောင်း၏ သွေးသည် ရေထဲမှ ပေါက်လာသော ကြာပန်းနီအဖြစ် ပြောင်းလဲသွားပြီး မထင်ရှားသော မီးတောက်တစ်ခုက ၎င်းပေါ်တွင် ပေါ်လာသည်ကို မြင်လိုက်ရသည်။ အဖိုးတန် ကြာပွင့်က ထိုသို့မျိုး ဖြစ်ပေါ်လာခြင်းပင်။ ဤသို့ဆိုလျှင် ဤဘိုးဘေးကြီးသည် အဖိုးတန်ဆုံး ရတနာကြီးမဟုတ်ပေလော။ အခြားလူများက ရတနာများကို အဆင့်မြှင့်ဖို့လိုပြီး သူကမူ ကိုယ်တိုင်က ရတနာဖြစ်နေခြင်းပင်။

လျောင်ထင်ယန့် အိပ်ပျော်သွားခဲ့သည်။ သူ အိပ်ပျော်ပြီး မကြာခင်မှာပင် နေက လုံးဝထွက်လာခဲ့သည်။ ပီထန်ထဲရှိ ကြာပွင့်နီနှင့် မီးတောက်များက ယခင်အသွင်အပြင်သို့ ပြန်ပြောင်းသွားကြသည်။ စစ်မာကျောင်းသည် ပီထန်ထဲမှ ရေရွှဲစိုနေသော ခန္ဓာကိုယ်ဖြင့် လျှောက်လှမ်းထွက်လာခဲ့သည်။ သူ ခြေလှမ်းလှမ်းလိုက်ချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေစက်များက အငွေ့ပျံသွားကြသည်။ သူ လျောင်ထင်ယန့်ဘေးသို့ ရောက်သောအခါ အစိုဓာတ်အနည်းငယ်သာ ကျန်နေခဲ့တော့၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now