အခန်း ၃၆

179 23 1
                                    

စစ်မာကျောင်း ရေကန်ထဲက ထွက်သွားပြီး ပိုင်လီတောင်ရှိ စံအိမ်သို့ ပြန်လာချိန်တွင် သူသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အစိုဓာတ်ကို တမင်တကာ ဖြေရှင်းမနေပေ။ သို့သော် သူ လမ်းလျှောက်နေစဉ် အစိုဓာတ်သည် သဘာဝအတိုင်း အငွေ့ပျံသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် မီးလျှံအချို့ ရှိနေသည့်အလား။

သူ့မျက်နှာသည် မကြည်မလင်ဖြစ်နေပြီး မျက်ခုံးများက တွန့်ချိုးလျက်ရှိသည်။ သူ့မျက်လုံးများကလည်း နီရဲနေလေသည်။ မူလက ဝိညာဉ်သားရဲများစွာ နေထိုင်သည့် ပိုင်လီတောင်သည် ယခုအခါတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဝိညာဉ်စွမ်းအားရှိသည့် မည်သည့်သက်ရှိမဆို ဖိနှိပ်နေသည့် အငွေ့အသက် တစ်မျိုးမျိုးကို ခံစားမိနေပြီး အလိုလို အသံတိတ်နေမိကြသည်။ တောင်ပေါ်ရှိ သမင်ဖြူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ခိုက်ခိုက်တန်နေလေသည်။ တိမ်လွှာစွန်းတွင် ပျံသန်းနေသော ကြိုးကြာဖြူသည် ထင်းရှူးတောထဲသို့ ပြုတ်ကျသွားခဲ့ပြီး ထပ်မံမပျံသန်းရဲပေ။ သူတို့အားလုံးသည် ပိုင်လီတောင်၏ အလယ်ဗဟိုရှိနေရာကိုသာ ကြည့်နေမိကြ၏။

ခန်းမထဲတွင် စစ်မာကျောင်း၏ ဖြူဖျော့ဖျော့ လက်ဖဝါးက ခန်းမအတွင်းရှိ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော မြေပြင်ကို ထိလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြက်သွေးရောင် မီးလျှံများက သူ့လက်ဖဝါးအတွင်းမှ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်။ ချက်ချင်းနီးပါးဆိုသလို ကျောက်စိမ်းမာမာတို့သည် စတင်အရည်ပျော်လာခဲ့သည်။ ရေခဲက မီးနှင့်တွေ့သွားသည့်အလား။ ခဏအတွင်းမှာပင် ကျောက်စိမ်းတို့အလယ်တွင် ရေကန်အကြီးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ စစ်မာကျောင်းသည် ကန်ဘေးတွင် ရပ်နေပြီး သူ့လက်ငါးချောင်းကို ဆန့်ထုတ်လိုက်ကာ ပြတင်းအပြင်ဘက်မှ လေကို ဖမ်းဆုပ်လိုက်သည်။ ပိုင်လီတောင်ပေါ်ရှိ အဖြူရောင်မြူခိုးများ ဝင်ရောက်လာပြီး ကန်အလွတ်ထဲသို့ ဝင်သွားကြသည်။ အဖြူရောင်မြူခိုးများ ကန်ထဲတွင် စုရုံးသွားသောအခါ အေးစက်စက် ရေပြင်ကျယ် ဖြစ်ပေါ်လာခဲ့၏။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now