အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း

4.1K 860 6
                                    

Unicode

အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း

"အဲ့တာက ဘာအတွက်လဲ"

ဖူဝူထျန်းက အန်းကျီယန် အနားကပ်လိုက်ကာ စားပွဲပေါ်သို့ လက်တစ်ဖက် ထောက်လိုက်၏။

သူ့အရှေ့ရှိ အကောင်းသား စာရွက်သားအပြင် နောက်ထပ် စာရွက်နှစ်ရွက်လည်း ရှိနေသေး၏။ ထိုစာရွက်များပေါ်တွင် ပစ္စည်းပစ္စယများ၏ အချက်အလက်များဖြင့် ပြည့်နေလေသည်။ လက်ရေးလက်သားကလည်း ခြားနားလှသည်။ မှင်ရည်စက်တို့ သွေ့ခြောက်နေပြီးသား ဖြစ်သည်မို့ လတ်တလောမှ ရေးသားထားခြင်း ဟုတ်ဟန်မတူပေ။

သူက မေးနေရင်းမှ စာရွက်တစ်ရွက်ကို ကောက်ယူကာ ဖတ်ကြည့်လိုက်သည်။ လက်ရေးလက်သားက ဝမ်ဖေးလေးလောက် မကောင်းမွန်ပါချေ။

အန်းကျီယန် သူ့ကို ကြည့်ကာ ပြောလိုက်၏။

"ဒါက အန်းချောင် နဲ့ အန်းခယ့်ရှင်း အတွက် ကျွန်တော့်အဖေ အသက်ရှိနေတုန်းက သူကိုယ်တိုင် ပြင်ပေးထားခဲ့တဲ့ ခန်းဝင်ပစ္စည်းတွေလေ။ ကျွန်တော် အစကတော့ သူတို့ လက်ထပ်ချိန်ထိ စောင့်ပြီးမှ ဒါကို ထုတ်ပြလာမလို့ပါပဲ"

"ဒါပေမယ့် မမျှော်လင့်ဘဲ သူတို့က သူတို့ရဲ့ ခန်းဝင်ပစ္စည်း ကို မစောင့်နိုင်ကြဘူး။ ဖန်ကျန်းပင် က သူ့သမီးနဲ့အတူ ထွက်ပြေးသွားတယ်။ ဒီတော့ ဒီခန်းဝင်ပစ္စည်းက သုံးစရာမလိုတော့ပုံပဲ"

ဖူဝူထျန်းက သူ့စကားများကို သုံးသပ်လာသည်။

အန်းကျီယန် ပြောလိုက်၏။

"ဒါက သူတို့ သားအမိ ရွေးချယ်တဲ့ လမ်းပဲလေ။ ကျွန်တော်တို့ အနာဂတ်မှာ ထပ်တွေ့ဖြစ်မယ်ဆိုရင်တောင် ဒီခန်းဝင်ပစ္စည်းတွေကို ထုတ်ပေးမှာ မဟုတ်ဘူး "

အိမ်တော်ထိန်းဆု နှင့် သူသည်သာ ခန်းဝင်ပစ္စည်း ကိစ္စကို သိရှိထားသည်မို့ အကျိုးဆက်များကို ထည့်သွင်းစဥ်းစားရန် မလိုအပ်ပေ။ သူ့အနေဖြင့် သူတို့ကို ထပ်မမြင်ရလေ၊ ပျော်လေသာ ဖြစ်သည်။ သူတို့သည် ကိုယ်လုပ်တော်ဖွားသမီးများသာ ဖြစ်သော်လည်း အန်းချန်ဖူက သူ့ ဂုဏ်သတင်းကျော်ကြားရေးအတွက် များစွာသော ခန်းဝင်ပစ္စည်းများကို ပြင်ဆင်ပေးထားခဲ့၏။ ဤသည်မှာ တကယ့်​ကို ပေါများ ကြွယ်ဝလှသော ပမာဏ ဖြစ်ပေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now