52

567 59 0
                                    

အခန်း၅၂။ ရေမွှေး

“ ဒါလေးက ဘာများလဲကွယ့် ”

ဧကရီချန်စွန်းက လီယင်ဆက်သသော ကြွေအိုးလေးကို ‌ကောက်ကိုင်ကာ သေချာကြည့်ပြီးနောက် မေးလေသည်။

“ ဒါလေးက ရေမွှေးလို့ ခေါ်ပါတယ်၊ မယ်တော်ဧကရီ။ အမွှေးအဆီလို သဘောတရားခြင်းတူပေမယ့် ဒါက ပိုမွှေးပြီး ပိုကြာရှည်ခံပါတယ်။ အမွှေးအဆီထက် အဆတစ်ရာလောက်တောင် ပိုကောင်းပါတယ် မယ်တော် ” ဟု လီယင်က အမွှမ်းတင်လိုက်သည်။

“ ဟုတ်လား ”

ဧကရီချန်စွန်း၏ မျက်လုံးများ အရောင်လက်လာသည်။ သူမသည် နိုင်ငံမိခင်တစ်ဦးဖြစ်သော်ငြား အမျိုးသမီးဗီဇအရ အလှအပနှင့်ဆိုင်လျှင် အင်မတန်စိတ်ဝင်စားလှသည်။ ခေါင်းလျှော်ရည်တုန်းကလည်း စသုံးမိစဉ်ကတည်းက အခုထိ မသုံးရပဲမနေနိုင်ခဲ့။ အခုရေမွှေးကိုလည်း စမ်းသပ်ကြည့်ချင်လှပြီ ဖြစ်သည်။

“ အဲ့ဒါဆို ဒီရေမွှေးရဲ့ အစွမ်းကို မျက်မြင်သိရအောင် မယ်တော် အခုပဲ အဖုံးဖွင့်ပြီး စမ်းကြည့်လိုက်တော့မယ် ”

ဧကရီသည် ပုလင်းအဖုံးကို ညင်သာစွာ ဖွင့်လိုက်သည်။ အဖုံးပွင့်သွားသည်နှင့် မွှေးပျံ့လှသော ရနံ့တစ်မျိုး ထွက်လာချေသည်။ အဆိုပါ မွှေးရနံ့လေးမှာ စိတ်ကိုလန်းဆန်းသွားစေသဖြင့် မည်သူမဆို မရှူရှိုက်ပဲ မနေနိုင်ပေ။ နန်းတော်ထဲတွင် အမွှေးအဆီကို မသိသူ မရှိသော်လည်း ယခု ရေမွှေးကိုတော့ လူတိုင်းနီးပါး ကြားဖူးမည် မဟုတ်ပေ။

“ ဒါလေးက တော်တော်မွှေးတာပဲ သားတော် ” ဟု ဧကရီက အံ့ဩတကြီးဖြင့် ပြောလာသည်။

ဧကရီချန်စွန်းသည် ရေမွှေးအနည်းငယ်ကို သူမ၏လက်ပေါ် လောင်းချလိုက်သည်။ အေးမြသော အထိအတွေ့လေးတစ်ခု ပျံ့နှံ့သွားလေသည်။ အရည်ခြောက်သွားပြီးသော်လည်း ရေမွှေး၏ ရနံ့မှာ လက်ပေါ်တွင် ကျန်နေဆဲပင်။

လီယင်သည်လည်း သူ၏ရေမွှေးအစွမ်းကို အင်မတန် သဘောကျနေလေသည်။

“ အရင်တုန်းက အမွှေးနံ့သာကို အသုံးပြုဖို့ရာ အင်မတန် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဒီရေမွှေးကိုတော့ အဝတ် ဒါမှမဟုတ် ကိုယ်ပေါ်မှာ အသုံးပြုလိုက်ရုံနဲ့ ရနံ့တနေကုန်စွဲနေစေမှာပါ ” ဟု ဆက်ပြောလိုက်လေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now