75

454 34 0
                                    

အခန်း၇၅။ လီရှစ်မင်က ရယ်၍ လီယင်မှာ ငိုရ၏

ရှောင်လွေ့၏ သတင်းကို နားထောင်ပြီးသောအခါတွင် လီယင်သည် ကြောင်းကျိုးဆက်စပ်နားလည်သွားသည်။ သူအလုပ်ရှုပ်နေသည့် ရက်ပိုင်းအတွင်း သူနှင့် စွေ့ယင်းယင်းတို့၏ ကောလဟာလသည် ချမ်အန်းပြည်တဝိုက် ပျံ့နှံ့သွား‌ခဲ့ချေပြီ။ လူအယောက်တစ်ရာ သတင်းဖြန့်ပြီးချိန်တွင် မည်သူက မည်ကဲ့သို့ သတင်းမှားလွှင့်သည်မသိ၊ သူနှင့် စွေ့ယင်းယင်း၏ ရန်ပွဲသည် ဝတ္ထုတစ်ပုဒ်အလား အကြောင်းအရာပေါင်းစုံလင်စွာ ကျယ်ပြန့်သွားသည်။ လူအယောက်သုံးရာလောက်ထံ သတင်းပျံ့ပြီးသည့်အခါတွင်တော့ လီယင်သည်ကား အားနွဲ့သူမိန်းကလေးတစ်ဦးကို အနိုင်ကျင့်တတ်သော လူဆိုးတစ်ဦး ဖြစ်သွားချေ၏။

“ ဒီလို သတင်းကို ဘယ်သူလွှင့်တာတုန်းကွ။ လျှာဖြတ်ပစ်မယ် ”

လီယင်ကား ဓားကိုဆွဲထုတ်ကာ ဒေါသကြီးနေသည်။ မည်သူက အားနွဲ့သူမိန်းကလေးကို အခွင့်ကောင်းယူကာ အနိုင်ကျင့်မည်နည်း။ ဒီသတင်းသည် သူ့ကို သက်သက်နာမည်ဖျက်ခြင်းသာ ဖြစ်လေသည်။

ရှောင်လွေ့ကတော့ -

“ အရှင့်သားရယ်၊ ကျွန်တော်မျိုးတို့မှာတော့ ဒီလို ကောင်းသတင်းမျိုးကို မျှော်လင့်ခွင့်တောင် မရှိပါဘူးဗျာ။ ဒါတောင် အရှင့်သားက စိတ်တိုနေတာ မဖြစ်သင့်ပါဘူး။ ကျွန်တော်မျိုးသာ အဲ့ဒီ မျိုးနွယ်စုကြီး ငါးခုထဲက မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်နိုင်မယ်ဆိုရင် ကျွန်တော်မျိုး သေပျော်ပြီ ” ဟု တောင့်တကာ ပြောလိုက်ရာ -

“ သွားစမ်းကွာ ” ဟု လီယင်က မဲလိုက်သည်။

လီယင်၏ ဘဝကြီး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် စွေ့အိမ်တော်၌လည်း ပွက်လောရိုက်နေသည်။ စွေ့ယင်းယင်းသည် သူမ၏ အိမ်တော်ကွက်လပ်ရှိ သက်တမ်းတစ်ရာခန့်ရှိပြီဖြစ်သော သစ်ပင်ပေါ်တွင် တက်‌ထိုင်နေသည်။ ထိုသစ်ပင်အောက်တွင်လည်း များစွာသော အစေခံများ ရပ်နေကြ၏။

“ လက်မထပ်ဘူး။ သေရင်တောင် လက်မထပ်နိုင်ဘူး ”

စွေ့ယင်းယင်းသည် သစ်ကိုင်းတုတ်တုတ်တစ်ခုအပေါ် ခုန်တက်လိုက်ရင်း အောက်တွင်ရပ်နေသော စွေ့ရှောင်အား အော်ပြောလိုက်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now