84

435 34 0
                                    

အခန်း၈၄။ လျှောက်တင်ခြင်း

ဤသို့ဖြင့် လီခယ့်အား အကြမ်းဖျင်းရှင်းပြပြီးသောအခါမှာတော့ လီခယ့်လည်း လီယင်ကို ဆွဲခေါ်ကာ အသေးစိတ်အချက်အလက်များကိုပါ ဆွေးနွေးလေတော့၏။ တနေ့လုံး အမေးအဖြေလုပ်ပြီးသည့်အခါမှာတော့ ပိုက်လိုင်းများအကြောင်း ဗဟုသုတများအားလုံး လီခယ့်အား ပြောပြပြီးသွားလေတော့သည်။ လီယင်ကတော့ ပင်ပန်းသွားသဖြင့် စောစောအိပ်ယာဝင်သွား၏။ လီခယ့်ကတော့ တညလုံး ဆေးတံကြီးထိုင်သောက်နေရသလို စိတ်တက်ကြွနေကာ အိပ်မပျော်။ သူ၏အခန်းမှာ တညလုံးလင်းနေလေသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ လီခယ့်သည် လွှတ်တော်ဆီသို့ ခါတိုင်းလို စောစောသွားလေသည်။ သူ၏ မျက်နှာမှာတော့ လွှတ်တော်တခွင်လုံး ယုံကြည်မှုအရှိဆုံးဖြစ်နေကာ လူစုံတက်စုံဖြစ်ကြသည့်အခါ၌ အဖြေမရသေး၍ စိတ်ပျက်လက်ပျက်ဖြစ်နေသော သူများအား လိုက်ပြုံးပြနေလေတော့သည်။

“ ညီတော် သုံး ကို ကြည့်ရတာ အင်မတန်ကျေနပ်နေပုံပဲ။ အရှင်မင်းကြီး အဖြေရှာခိုင်းထားတဲ့ ပြဿနာအတွက် အဖြေရသွားပြီထင်ပါရဲ့ ”

လီခယ့်တစ်ယောက် ကိုယ့်ဘာသာ ကြိတ်ကျေနပ်နေတုန်းမှာပဲ သူ၏ နောက်မှ အသံတစ်ခုထွက်ပေါ်လာသည်။

“ အိမ်ရှေ့စံကို ညီတော် နှုတ်ခွန်းဆက်သပါတယ် ”
သူ ရင်းနှီးလှသော ထိုအသံသည်ကား လီရှစ်မင် မင်းကြီး၏ သားတော်အကြီးဆုံး လက်ရှိအိမ်ရှေ့စံမင်းသား လီချမ်ချန့်၏ အသံသာ ဖြစ်နေတော့သည်။

“ ညီတော် သုံး ကတော့ အောင်ပွဲကြီး နီးနေပြီထင်တယ် ”

မနေ့က လွှတ်တော်ပြီးသွားစဉ်ကတည်းက လီချမ်ချန့်သည် အရှေ့နန်းဆောင်မှ အရာရှိများအားလုံးကို စုဝေးကာ ဤပြဿနာအပေါ် အဖြေတစ်ခုထုတ်ခဲ့ပြီးဖြစ်သည်။ ယခု လီခယ့်ကို ကြည့်ရသည်မှာ အနိုင်လက်မှတ်ကို ကိုင်ထားသကဲ့သို့ ဖြစ်နေသဖြင့် လီချမ်ချန့်လည်း မမေးပဲ မနေနိုင်‌ဖြစ်ကာ မေးမိတော့သည်။

“ ညီတော် အရေးသိပ်မကြီးလှတဲ့ အကြံဉာဏ်လေးတစ်ခု စဉ်းစားမိရုံပါ ” ဟု လီခယ့်က ဝေ့လည်ကြောင်ပတ် ဖြေလိုက်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now