63

579 50 0
                                    

အခန်း၆၃။ ချမ်အန်းပြည်မှ မြင်းများ

အခြေခံများကို သင်ပြီးသွားပြီဖြစ်၍ မိမိဘာသာ ဆက်ကြိုးစားရန်သာ ကျန်တော့ရာ ကိုယ့်အားကိုယ် ကိုးရပေတော့မည်။ မြင်းပေါ်တွင် ဇက်ကြိုးကို လိုသလို လှုပ်ခါကာ အရှေ့ကို ဒုန်းစိုင်းစီးလိုက်၊ တပတ်လှည့်လိုက်၊ ရပ်လိုက်၊ ခုန်လိုက်ဖြင့် စိတ်တိုင်းကျ စီးနေတော့၏။

မြင်းကို ဒုန်းစိုင်းစီးရခြင်းသည် ယောက်ျားတိုင်း၏ အိပ်မက်ဖြစ်လေရာ မြင်းစီးကျွမ်းကျင်သွားသည်နှင့် လီယင်လည်း မြင်းစီးရခြင်းကို စွဲလန်းသွားတော့သည်။ မနက် အိပ်ယာနိုးသည်နှင့် မြင်းစီးလေ့ကျင့်သည်။ စစီးကာစတွင် အိမ်တော်မြေကွက်လပ်၌သာ စီးသည်။ မကြာမီ လမ်းပေါ်ထိပါ တက်စီးလာနိုင်သည်။ ရက်အနည်းငယ်ကြာပြီးသည့်အခါတွင်တော့ လီယင်တစ်ယောက် ချမ်အန်းပြည် အပြင်မှာပါ မြင်းထွက်စီးနိုင်နေပြီ ဖြစ်ချေတော့သည်။

“ ရထားလုံးစီးစရာ မလိုတော့ဘူးကွ ”

မြင်းစီးနေရင်း လီယင်တွေးမိသည်။ နားထဲတွင် လေတဟူးဟူးတိုက်နေသံ ကြားရပြီး ဘေးမှာ သစ်ပင်များသည်လည်း တရိပ်ရိပ်ကျန်ခဲ့သည်။

“ ငါကွ ”

လီယင်က ဂုဏ်ယူဝင့်ကြွားစွာ အော်လိုက်သည်။ လေးနှင့်မြှားပစ်သည့် ခေတ်တွင် အခုလို မြင်းစီးရခြင်းဟာလည်း ယောက်ျားသားတို့အတွက် ဂုဏ်ယူစရာ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုပင် မဟုတ်လား။

အနောက်ဘက်ပိုင်းတွင် အတော်ကြာ မြင်းစီးပြီးနောက် လီယင်သည် ချွန်းမင်ဂိတ်တံခါးမှတဆင့် အနောက်ဘက်ဈေး၌ရှိသော မြင်းဈေးသို့ သွားလိုက်လေသည်။ ကျန်းကွမ်ခေတ်တွင် လူရမ်းကားများကို ထိန်းချုပ်နိုင်ရန်အတွက် မြင်းများကို ကွပ်ကဲအုပ်ချုပ်သောဌာန ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် လူကုံထံ တော်ဝင်မျိုးနွယ်တို့သည်လည်း ဝါသနာအရ မြင်းမွေးကြလေသည်။ လီယင်မင်းသား၏ စံအိမ်တော်တွင်ပင် မြင်း‌ဇောင်းတစ်ခုရှိလေသည်။

သို့သော် အရှင်မင်းကြီး လီရှစ်မင် စံအိမ်၏ အသုံးစရိတ်ကို လောက်ငရုံသာပေးထားသောကြောင့် ကောင်းပေ့ ညွန့်ပေ့ဆိုသော မြင်းများကိုတော့ မဝယ်ယူနိုင်ခဲ့ပေ။ ကားကြိုက်သူ ကားဝါသနာရှင်များသည် ကားအကောင်းစားများ စုဆောင်းရသည်ကို ကြိုက်ကြသကဲ့သို့ ဤခေတ်မှ မြင်းဝါသနာရှင်များသည်လည်း အကောင်းဆုံးမြင်းများကို သူ့ထက်ငါဝယ်ယူကာ အလှပြကြလေ့ရှိသည်။ အခုမှ ကြွယ်ဝချမ်းသာပြုလာသူ လီယင်မှာတော့ အလှပြရုံအတွက်သပ်သပ်နှင့် မဝယ်နိုင်သေး။ မြင်းဇောင်းကို မြင်းအပြည့်ဖြည့်ရန်သာ ကျန်မာသန်စွန်းသော မြင်းများကို အရင်ဝယ်ရမည်။ အိမ်တော်အတွင်းရှိ အစေခံတစ်ယောက်ချင်းစီတိုင်းကိုလည်း မြင်းတစ်ကောင်စီ ဆင်ရမည်။  ဤအတွေးဖြင့် လီယင်လည်း မြင်းဈေးသို့ ရောက်လာခဲ့ခြင်းဖြစ်ချေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now