145

212 20 0
                                    

အခန်း၁၄၅။ ညီအစ်ကို(၂)

ထိုအခါမှ လီခယ့်လည်း သူမှားယွင်းစွာ လီယင့်အား အပြစ်တင်မိမှန်း သိသွားကာ အထပ်ထပ်တောင်းပန်စကားဆိုသည်။

“ အစ်ကိုတော် မှားသွားတယ်။ တောင်းပန်ပါတယ်။ ဒါနဲ့ နန်းတော်ကို အခစားဝင်တော့ ဖခမည်းတော်က ဘာမိန့်လိုက်သေးလဲ ”

“ ဖခမည်းတော်ကလည်း ညီတော်နဲ့ အတွေးအတူတူပဲ ”

လီခယ့်လည်း စိတ်အေးသွားကာ -

“ ကောင်းတာပေါ့။ အမတ်ကြီး စမ်းဝမ်ဝမ့်ကလည်း ရှုပြည်ရောက်ရင် ညီတော့်ကို ကာကွယ်ပေးသွားမယ်လို့ ကတိခံထားတယ်။ ဒါပေမယ့် အစ်ကိုတော်တို့ ညီအစ်ကိုတွေတော့ ခွဲရပေဦးမယ် ” ဟု ပြောရှာသည်။

“ ဒီလောကကြီးမှာတော့ ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ အစ်ကိုတော်။ ညီတော်တို့မင်းသားတွေဆိုတာ တစ်နေ့မဟုတ်တစ်နေ့တော့ တခြားနေရာတွေကိုသွားပြီး တာဝန်ထမ်းရမှာပဲလေ။ ညီတော်က နည်းနညအချိန်စောပြီး ရောက်သွားရုံပါ ” ဟု လီယင်က နှစ်သိမ့်လိုက်သည်။

“ ညီတော်က အင်မတန် စိတ်ထားတတ်ပါတယ်။ ရပါတယ်။ ညီတော်မရှိတော့ဘူးဆိုတော့ အစ်ကိုတော် သူတို့နဲ့ စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်လို့ရတာပေါ့ ”

လီခယ့်တစ်ယောက် ပထမဆုံးအနေနှင့် လီယင့်‌ရှေ့တွင် သူ၏ ယှဉ်ပြိုင်လိုစိတ်နှင့် ရည်မှန်းချက်တို့ကို ထုတ်ပြခြင်းဖြစ်၏။

လီယင်‌ကတော့ သက်ပြင်းချလိုက်ကာ -

“ အစ်ကိုတော် သုံး၊ ညီတော့်စကားကို နားထောင်ပါ။ ဘယ်တော့မှ ထီးနန်းအတွက် မတိုက်ခိုက်ပါနဲ့။ ဖခမည်းတော်က သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချထားပြီးသား။ အခုလိုမျိုး ဆက်ပြီး တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်နေကြမယ်ဆိုရင် အစ်ကိုတော်တို့သုံးယောက်လုံးအတွက် ရလဒ်ကမကောင်းနိုင်ဘူး ” ဟု ဖျောင်းဖျသည်။

လီခယ့်က လီယင့်အား နားမလည်နိုင်သည့် အကြည့်ဖြင့်ကြည့်ကာ -

“ ညီတော် ခြောက်၊ အစ်ကိုတော်ပြောပြထားတာ မေ့သွားပြီလား။ အစ်ကိုတော်တို့ဟာ စွေ့မင်းဆက်ခေတ်က မျိုးဆက်တွေလေ။ အစ်ကိုတော်တို့ မတိုက်ခိုက်ပဲ ငြိမ်နေရင် အစ်ကိုတော်တို့ရဲ့ ဘဝတွေ၊ အသက်တွေဟာ အိမ်ရှေ့စံရဲ့လက်ထဲကို အလိုလိုရောက်သွားမှာ။ ညီတော်က ဘယ်လိုလုပ်ဒီလို ငြိမ်နေနိုင်ရတာလဲ။ အစ်ကိုတော် လွှတ်တော်ထဲမှာ အရာရှိအဖြစ် ထမ်းဆောင်နေတာကြာလှပြီ။ အခုထိ အစ်ကိုတော်ဟာ သူ့ထက်သာလွန်အောင် မစွမ်းဆောင်နိုင်သေးဘူး။ ဖခမည်းတော်ကတော့ အစ်ကိုတော်ရဲ့ ရဲရင့်ပုံနဲ့ သတ္တိရှိပုံတွေဟာ သူနဲ့တူတယ်ဆိုပြီး ချီးမြှောက်သေးတာပဲ။ ညီတော်ခြောက် … အစ်ကိုတော်က ညီတော်နဲ့ မယ်တော်ကြင်ယာတော်ယန်တို့အတွက် လုပ်နေတာပါ။ တကယ်လို့ လီချမ်ချန့်သာ နန်းတက်သွားရင် ညီတော်နဲ့ မယ်တော်တို့ ဘယ်လိုဖြစ်သွားမလဲဆိုတာ မသိနိုင်ဘူးလေ ” ဟု လီခယ့်က လီယင်၏ ပခုံးများကို ဆုပ်ကိုင်ကာ အားမလိုအားမရပြောလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now