143

210 18 0
                                    

အခန်း၁၄၃။ အမိန့်တော်

လီယင်ကတော့ အပျော်လွန်နေချေ၏။ အရှင်မင်းကြီး လီရှစ်မင်လည်း မိမိကဲ့သို့‌ တွေးမည်ဟု မထင်မိခဲ့။ သမိုင်းစာအုပ်ထဲတွင်တော့ အရှင်မင်းကြီး လီရှစ်မင်သည် လီယင်အား ကျန်းကွမ်အုပ်ချုပ်ရေး ဆယ်နှစ်မြောက်ကာလမှသာ ရှုမင်းသားဖြစ်စေပြီး ယီကျိုးပြည်၏ မြို့တော်ဝန်အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအချိန်က စေလွှတ်ရခြင်းမှာ လီရှစ်မင်သည် လီယင်အား မနှစ်သက်သောကြောင့် အဝေးသို့ပို့ခြင်းဖြစ်ပြီး ယခု စေလွှတ်ရခြင်းမှာ မိမိအား ကာကွယ်ပေးနိုင်ရန်ဖြစ်လေသည်။ မည်သို့သောအကြောင်းကြောင့် စေလွှတ်သည်ဖြစ်စေ လီယင့်အတွက်တော့ ရှုပြည်နယ်တွင် စိတ်ကြိုက်ကျင်လည်ကျက်စားနိုင်တော့ပေမည်။

“ ဖခမည်းတော်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးလား ”

လီယင်တစ်ယောက် ဘာမှမပြောပဲ ငြိမ်နေသဖြင့် လီရှစ်မင်က မေးလာသည်။

လီယင်ကတော့ အပျော်ကြီးပျော်နေသည်ဖြစ်၍ ကမန်းကတမ်းပင် -

“ မဟုတ်ပါဘူး ဖခမည်းတော် ” ဟု ဖြေကြားလိုက်၏။

လီရှစ်မင်ကတော့ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြင့် -

“ ဖခမည်းတော်ကတော့ အဲ့ဒီ့နေရာက အသင့်တော်ဆုံးလို့ပဲ ထင်တာပဲ။ ချမ်အန်းနဲ့နီးလွန်းပြန်ရင်လည်း သူတို့တွေ စိတ်အေးနိုင်မှာ မဟုတ်ကြဘူး။ အစွန်အဖျားရောက်လွန်းပြန်ရင်လည်း သားတော်အတွက် မတရားဘူး။ ပြီးတော့ ယီကျိုးပြည်ဆိုတာကလည်း ချင်မင်းဆက်၊ ဟန်မင်းဆက်ကနေ စွေ့မင်းဆက်အထိ အဆင့်ဆင့် တည်ထောင်လာခဲ့တာ အခုဆို လူဦးရေလည်း ထူထပ်နေပြီဖြစ်သလို ယီကျိုးပြည်နယ်တစ်ခုတည်းမှာတင် အိမ်ခြေက တစ်သိန်းလောက်ဖြစ်နေပြီ။ ဒါတောင် ဘေးပတ်ဝန်းကျင်က ခရိုင် ၁၄ ခု မပါသေးဘူး ” ဟု ရှင်းပြလေသည်။ ထို့နောက် သူကပင် ဆက်၍ -

“ ဒါ့အပြင် သားတော်ကို အဲ့ကိုလွှတ်ရတာ ဖခမည်းတော်မှာ တခြားရည်ရွယ်ချက်လည်း ရှိသေးတယ်။ တုရူဟွင်းက ဖခမည်းတော်တို့ ထန်နိုင်ငံတော်ကို မျက်စိကျနေတယ်။ အာ့ဟိုင်းပြည်မှာရှိတဲ့ လူမျိုးစုခြောက်စုကလည်း ယီကျိုးပြည်ကို နှစ်တိုင်းဒုက္ခပေးနေတာ။ မနှစ်ကဆိုရင် သူတို့က ယီကျိုးပြည်ဘက်ကိုပါ ကျူးကျော်ပြီး နယ်မြေတွေကို လုယူထားသေးတာ။ ထန်နိုင်ငံက တပ်မဟာတွေရောက်လာမှ ခြေရာလက်ရာတောင် မကျန်ပဲ ပျောက်သွားကြတာ။ အဲ့ဒီတော့ သားတော် အဲ့ဒီမှာနေရတာ နည်းနည်းတော့ ပင်ပန်းဆင်းရဲမယ်။ သားတော်ကို ယီကျိုးပြည်ရဲ့ မြို့တော်ဝန်အဖြစ်နဲ့ရော စစ်မက်ရေးရာအတွက် အုပ်ချုပ်ရေးမှူးရာထူးကိုပါ ပေးတော်မူမယ်။ သားတော် စိတ်တိုင်းကျ ရှုပြည်နယ်ကို ကြီးကြပ်ပေတော့ ” ဟု မိန့်ကြားလိုက်လေ၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now