150

410 26 2
                                    

အခန်း၁၅၀။ ဆွေမျိုးသားချင်းများကို ကြိုဆိုခြင်း

ယခုရက်ပိုင်းအတွင်း လီယင်တစ်ယောက် အထုပ်ပြင်ရုံတင်မကပဲ မင်္ဂလာကိစ္စကိုပါ စီမံနေရချေသည်။ စံအိမ်မှ အလုပ်သမားများ ဘာမှလုပ်စရာမလိုအောင် လီရှစ်မင်က လျန့်စံအိမ်တော်ကို အလှဆင်ရန် အရာရှိများကို စေလွှတ်ထားပြီးဖြစ်သည်။ မင်္ဂလာဦးအခန်းထဲတွင်လည်း ခန်းဝင်ပစ္စည်းအသစ်များ၊ အိပ်ရာပေါ်တွင်လည်း အိပ်ရာခင်းအသစ်၊ အနီရောင် စွန်ပလွန်သီးများ၊ သစ်သီးများနှင့် နေကြာစေ့တို့ကို ကျဲဖြန့်ထားကာ အလှဆင်ထားလျက်ရှိကာ မင်္ဂလာဦးညရောက်လာမည့်နေ့ကို စောင့်နေသယောင်ယောင်ရှိလေသည်။
ယနေ့ခေတ်မင်္ဂလာပွဲများနှင့်မတူသည်က ထန်နိုင်ငံတော်မှ မင်္ဂလာပွဲတို့သည် အနည်းငယ် ကရိကထများသည်။ မလွဲမသွေလိုက်နာစောင့်ထိန်းရမည့် ထုံးတမ်းတောင် ခြောက်ခုခန့်ရှိလေသည်။
မင်္ဂလာပွဲဖြစ်လာပုံ အဆင့်ဆင့်ကတော့ ရိုးရှင်း၏။ ယောက်ျားတစ်ယောက်သည် မိမိနှစ်သက်သည့် မိန်းကလေးအားတွေ့ပါက အောင်သွယ်တော်ကို ဆက်သွယ်ကာ အဆိုပါမိန်းကလေး၏ အိမ်သို့ သွားခိုင်းပြီး မင်္ဂလာစကားပြောစေသည်။ မိန်းကလေးဘက်မှ သဘောတူသည်ဆိုလျှင် ယောက်ျားလေး၏ မိဘများသည် လက်ဆောင်ပဏ္ဏများကို ယူကာ မိန်းကလေး၏ အိမ်သို့ တင်တောင်းရန်သွားကြလေသည်။ မိန်းကလေးအား တငိတောင်းပြီးလျှင် ယောက်ျားလေးရှင်ဘက်မှ မင်္ဂလာရက်သတ်မှတ်ကြလေသည်။ ထိုအခါ မိန်းကလေး၏ မိသားစုကပါ သဘောတူကြည်ဖြူလျှင်တော့ အဆိုပါ မိန်းကလေးက
မင်္ဂလာသတို့သမီးလေး ဖြစ်သွားချေပြီဖြစ်၏
‌သာမန်အားဖြင့်ဆိုလျှင်တော့ လီယင့်‌အနေနှင့် ဓလေ့ထုံးစံခြောက်ခုနှင့်ညီအောင် ပြုလုပ်ရမည်ဖြစ်သော်ငြား လီယင်မှာ မကြာမီသွားရတော့မည်ဖြစ်၍ လီရှစ်မင်နှင့် စွေ့ရှောင်တို့ တိုင်ပင်လိုက်ကာ မင်္ဂလာဧည့်ခံပွဲကိုသာ ကျင်းပပေးသွားမည် ဖြစ်လေသည်။
လီယင်သည် ၎င်းနှင့်အတူ ယီကျိူးကို သွားလိုသည့် ဆန္ဒမရှိသူများအားလုံးကိုလည်း လီယင်က ပြန်ခိုင်းလိုက်ချေသည်။ တကယ်တမ်းကျ ၎င်းတို့မှာ လီယင်၏ ကိုယ်ပိုင်ကျွန်များဖြစ်၍ လီယင်သာ စေခိုင်းလျှင် လိုက်ရမည်မှာ အမှန်ပင်။ သို့သော် ၂၁ ရာစုခေတ်မှ လာခဲ့သူဖြစ်၍ ထိုမျှလောက် သွေးအေးမရက်စက်ပေ။ ဤသို့ဖြင့် အဆုံးတွင် သူနှင့်ယီကျိုးကို လိုက်မည့်သူမှာ ကျင်းတချမ်တို့ မိသားစုအပါအဝင် အ‌‌စေခံ အယောက် သုံးဆယ်၊ တိုက်ခိုက်ရေးကျွမ်းကျင်သည့် တပ်သားများအားလုံးသာ ကျန်ခဲ့လေသည်။ လီယင်သည် ယခုသွားရမည့်နေရာတွင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းရမည်ကို သိသွားကြသောအခါ အဆိုပါ ကျေးကွန်တို့မှာ အရှင့်သားလက်အောက်တွင် အမှုထမ်းသွားပါမည်ဟု အော်ကာ ကျန်ခဲ့ကြလေသည်။ ကျန်ခဲ့ကြသည့်အထဲမှ လီယင့်ကို အံဩစေသူကတော့ ချင်ဟွိုက်ယွီပင်တည်း။
မည်သို့ပင်ဆိုစေကာမူ ချင်ဟွိုက်ယွီမှာ လီယင်၏ ကျေးကျွန်မဟုတ်သည့်အတွက် လီယင့်အနေနှင့် သူ့ကို လိုက်ခဲ့ဖို့လည်း မမှာကြားခဲ့ပေ။
“ မြို့စားမင်း ယီ နဲ့ မဆွေးနွေးတော့ဘူးလား ” ဟု လီယင်က မေးသောအခါ -
ချင်ဟွိုက်ယွီက ခေတ္တမျှ ‌တွေဝေစဉ်းစားလိုက်ပြီးနောက် -
“ မလိုပါဘူး ရပါတယ် အရှင့်သား။ အရှင့်သားအနားမှာ အမှုထမ်းရင်းနဲ့ အောင်မြင်မှုတွေ အများကြီးရနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အဲ့ဒီ့အခါကျ ခေါင်းမော့ ရင်ကော့ပြီး ပြန်ပါ့မယ် ” ဟု ဖြေကြားလိုက်လေသည်။
ချင်ဟွိုက်ယွီ၏ ရင်ထဲမှ အစိုင်အခဲကို လီယင်သိသည်။ မြို့စားမင်း ယီ က မည်မျှပင် သူ့ကို အသိအမှတ်ပြုစေကာမူ သူ့အနေနှင့် စိတ်ထဲတွင် ရှုပ်ထွေးနေဆဲဖြစ်ဟန်တူ၏။ ထိုစိတ်အစိုင်အခဲကြောင့်ပင် ချင်ဟွိုက်ယွီလည်း ပို၍ကြိုးစားချင်စိတ်ဖြစ်လာကာ သူ့ကိုယ်သူ ချင်ရှုပေ၏ သားအဖြစ် ထိုက်တန်ကြောင်း သက်သေပြချင်စိတ်များ တဖွားဖွားပေါ်နေခြင်းသာ ဖြစ်လေသည်။ ဤမျှလောက် ကောင်းသည့်အခွင့်အရေးမျိုးလည်း ရှိဖို့က မသေချာသည်ပင်။
လီယင်ကတော့ ချင်ဟွိုက်ယွီလို တိုက်ရည်ခိုက်ရည်ကောင်းသည့်သူတစ်ယောက် သူနှင့်လိုက်ပါမည်ဆို၍ ပျော်နေလေသည်။ စုမောအာကလည်း လီယင့်နောက် လိုက်ချင်ပေမယ့် လီယင်က ငြင်းလိုက်သည်။ ထန်နိုင်ငံတော်တွင် သူ့အတွက် မျက်စိနှင့်နားများ လိုအပ်သေးသည်မဟုတ်ပါလား။ ဤသို့ဖြင့် လီယင်လည်း ချင်ဟွိုက်ယွီလိုပင် လွတ်လပ်သောလူတစ်ယောက် ဖြစ်ခဲ့ရချေပြီ။
ယီကျိုးတွင် တတ်နိုင်သလောက်မြန်မြန် အခြေကျစေရန်အတွက် လီယင်သည် ရှန့်ထန်ကုန်သည်များအသင်း၏ စက္ကူထုတ် အလုပ်သမားများ၊ ပုံနှိပ်အလုပ်သမားများ၊ ဝိုင်ချက်အလုပ်သမားများ၊ ရေမွှေးအလုပ်သမားများနှင့် သတင်းစာထုတ်အလုပ်သမားများအချို့ကိုပါ ယီကျိုးသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ ထိုကဲ့သို့ သတင်းများပျံ့ပြီးသည်နှင့် ရှန့်ကွမ်ရီကလည်း လီယင့်နောက်ကို လိုက်ပါနိုင်ရန် ခွင့်တောင်းလေသည်။
စုမောအာက ထိုအကြောင်းကို ပြောပြသောအခါ လီယင်ခဏတော့ စဉ်းစားလိုက်ပြီးနောက် သူ့ကိုပါ ခေါ်သွားရန် ဆုံးဖြတ်လိုက်လေ၏။ ယီကျိုးပြည်အုပ်ချုပ်ရေးအတွက် အရည်အချင်းရှိသူတစ်ယောက် လိုအပ်သည်ဖြစ်ရာ ရှန့်ကွမ်ရီအနေနှင့် လီချမ်ချန့်၏လူပင် ဖြစ်နေစေဦးတော့၊ သူလိုအပ်သည်ပင်။ ထို့အပြင် သူ ယီကျိုးကို သွားရသည်မှာ အရှင်မင်းကြီးကို ပုန်ကန်ဖို့လည်းမဟုတ်၍ သူ့ကိုစောင့်ကြည့်နေမည့်သူများမှာ ၎င်းတစ်ယောက်တည်းရှိမည်မဟုတ်ပေ။ ပေါ်ပေါ်ထင်ထင်လာသည့် ရန်သူများရန်ကိုသာ သူအလွယ်တကူရှောင်ရှားနိုင်မည်သာ။
ကျန်းကွမ်အုပ်ချုပ်ရေး ခုနစ်နှစ်မြောက် အောက်တိုဘာလ ၂၀ ရက်နေ့တွင်တော့ လီယင်တစ်ယောက် မင်္ဂလာပွဲကျင်းပရချေပြီ။ သတို့သမီးကိုကြိုဆိုရမည့် အစီအစဉ်ကို အရင်စလုပ်ရသည်။ သတို့သမီး မင်္ဂလာအိမ်တော်ကို နေဝင်ရီတရောအချိန်၌ ရောက်မှသာ မင်္ဂလာရှိသည်ဟု သတ်မှတ်ကြသဖြင့် လီယင်လည်း သွားခေါ်ရန် ပြင်ရတော့သည်။
ထိုအချိန်တွင် လျန့်စံအိမ်တော်တွင်တော့ လူစည်ကားလျက်ရှိသည်။ စံအိမ်၏ မြေကွက်လပ်တစ်ခုလုံး တော်ဝင်မိသားစု၏ ‌ဆွေတော်မျိုးတော်များ၊ နန်းတော်ရှိမှူးမတ်အရာရှိများဖြင့် ပြည့်နေလေသည်။ စံအိမ်ရှိ အစေခံမိန်းကလေးများကလည်း ပန်းပွင့်များနားတွင် ဟိုဟိုဒီဒီပျံဝဲနေကြသော လိပ်ပြာလေးများသဖွယ် မြေကွက်လပ်တစ်ခုလုံး၌ ခြေရာချင်းထပ်နေအောင် သွားလာနေကြကာ စားသောက်ဖွယ်ရာများနှင့် ဝိုင်များကို အလျင်မီအောင် ပြင်ဆင်ပေးနေရကြသည်။ အရှင်မင်းကြီး လီရှစ်မင်၊ ဧကရီချန်စွန်းနှင့် ကြင်ယာတော်ယန်တို့မှာ ပြုံးပျော်နေကြသကဲ့သို့ အိမ်ရှေ့စံလီချမ်ချန့်၊ မင်းသားလီထိုက်နှင့် လီခယ့်တို့ကလည်း အခြားမင်းသားငယ် မင်းသမီးငယ်များနှင့်အတူ ဝိုင်းထိုင်နေကြပြီး ပျော်ရွှင်စွာ ရယ်မောနေကြလေသည်။ ဒီနေ့ကတော့ လီယင့်အတွက် အမှန်တကယ်ပင် ပျော်ရွှင်ရသောနေ့ပင်တည်း။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now