146

204 14 0
                                    

အခန်း၁၄၆။ လွှတ်တော်အစည်းအဝေး

မနက်စောစောတွင် လီရှစ်မင်မင်းကြီးသည် အခြွေအရံများအကူအညီဖြင့် ဝတ်ရုံတော်ကို ဝတ်ဆင်နေလေသည်။ မနက်စာ သုံးဆောင်ပြီးသောအခါ ဝမ်ကွေ့နှင့်အတူ ထိုက်ကျိခန်းမဆောင်ဆီသို့ ကြွချီတော်မူလေသည်။ အောက်တိုဘာလလယ်သို့ရောက်နေပြီဖြစ်၍ လေထုသည် အေးစိမ့်လှသည်။ ထို့ကြောင့် လီရှစ်မင် မင်းကြီးမှာ မန်နအဆောင်တော်မှ ထွက်လိုက်သည်နှင့် ခန္ဓာကိုယ်တို့မှာ အလိုလိုတုန်ရီလာလေသည်။ ဥယျာဉ်ထဲတွင် ကြွေကျနေသော သစ်ရွက်တို့ကို ကြည့်လိုက်ကာ လီရှစ်မင်သည် -
“ ထန်နိုင်ငံတော်မှာ ဆောင်းဝင်ပြီလား ” ဟု မေးလိုက်လေသည်။

ထိုအချိန်တွင် ထိုက်ကျိနန်းဆောင်ထဲတွင်တော့ ဆောင်းညတစ်ညကဲ့သို့ အေးစက်တိတ်ဆိတ်လျက်ရှိသည်။ အမတ်ကြီးများကလည်း ခါတိုင်းနှင့်မတူ စောစောစီးစီး စုံလင်စွာ ရောက်ရှိနေကြပြီး ဖြစ်လေ၏။ သူတို့အမှားလုပ်ထားကြသည်မဟုတ်သော်လည်း မျက်နှာများမှာ တည်ငြိမ်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် အရိပ်အခြည်ကြည့်လျက်ရှိကြပေသည်။ ယနေ့လွှတ်တော်တွင် မင်းသားတစ်ယောက်၏ ကံကြမ္မာကို ဆုံးဖြတ်မည့်အစည်းအဝေးပင် မဟုတ်လား။ တော်ဝင်မိသားစုနှင့် ပတ်သက်သည့် ကိစ္စဖြစ်သည့်အတွက် ပေါ့ပေါ့တန်တန်လုပ်၍ မဖြစ်ချေ။

ချန်စွန်းဝူကျီသည် ဘေးဘီသို့ ဝဲကြည့်ရင်း မင်းသားတော်လေးပါး၏ မျက်နှာအမူအရာအမျိူးမျိူးကို တွေ့လိုက်ရသည်။ လီချမ်ချန့်သည် ဝမ်းနည်းဝမ်းသာဖြစ်နေပုံရသည်။ လီခယ့်ကတော့ ရေပြင်အလား ငြိမ်သက်နေ၏။ လီထိုက်နှင့် လီယိုတို့ကတော့ ဝမ်းသာနေကြသည်။ လီယိုပျော်နေသည်မှာ ပို၍ပင်သိသာလှသည်။

လီယိုနှင့် လီယင်တို့နှစ်ဦး လီချွန်းအဆောင်တော်တွင် အချင်းများကြသည့်ကိစ္စကို ချန်စွန်းဝူကျီးက သိထားပြီးဖြစ်၍ လီယိုဤကဲ့သို့ ဝမ်းသာနေသည်မှာ မဆန်း။ လီယိုသည် သဘောထားသေးသိမ်သူဖြစ်သည့်အလျောက် သူများဒုက္ခရောက်သည့်အပေါ် ‌ပျော်နေလေ၏။ ဤအခြင်းအရာကို မြင်သော ချန်စွန်းဝူကျီကတော့ ပြုံးမိလေသည်။ လီယိုမင်းသား၏ မွေးမိခင်ဖြစ်သူ ကြင်ယာတော်ယင်ကိုယ်တိုင်ပင် စိတ်ဓာတ်မကောင်းသူဖြစ်လေရာ သူမ၏ သားဖြစ်သူ လီယိုက ဘယ်လိုလုပ် စိတ်ဓာတ်ကောင်းပါမည်နည်း။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now