57

591 49 0
                                    

အခန်း၅၇။ မုန်လာဥနှင့်တုတ်

သူစဉ်းစားခန်းဝင်နေစဉ်မှာပင် လီခယ့်မင်းသားရောက်နေကြောင်း ကျင်းတချမ်က လာလျှောက်သည်။

“ အစ်ကိုတော် ရောက်နေတာလား ”

လီယင်သည် ဒီတခါတော့ အပြုံးနှင့်မကြိုတော့။ မျက်နှာကို စိတ်ပျက်လက်ပျက်ပုံ ဖမ်းထားလိုက်သည်။

လီခယ့်သည်လည်း မချိပြုံးပြုံးကာ ‌အနောက်မှ လိုက်လာသော ထုံနျန်အား ဝင်ခဲ့ရန် လက်ဟန်ခြေဟန်ပြလိုက်သည်။ ထိုအခါ ထုံနျန်သည်လည်း ခေါင်းကို ငုံ့ထားလျက် ဝင်လာလေသည်။

“ ထုံနျန်က အစ်ကိုတော့်ကို အားလုံးပြောပြပြီးပါပြီ။ အခုဖြစ်တာက သူ့အမှားပဲ။ အစ်ကိုတော်လည်း သူ့ကို ဆူပူကြိမ်းမောင်းပြီးပြီ။ ထုံနျန်က အစ်ကိုတော့်ရဲ့ အသိအကျွမ်းသပ်သပ်ပါ။ ညီတော်ကမှ အစ်ကိုတော်ရဲ့ဆွေမျိုးရင်းချာ ညီလေးလေ။ ကိုယ့်ညီတော်တစ်ယောက်လုံး ဒုက္ခများနေတဲ့ကိစ္စကို အစ်ကိုတော်က ဘာလို့ ကိုယ့်မိသားစုဘက်ကမနေပဲ သူတစ်ပါးကို ကာကွယ်ပေးလိမ့်မလဲ။ အဲ့တော့ တစ်ဦးတည်းကိုယ်စားလှယ်ယူခွင့်ကို ပြန်ရုတ်သိမ်းခိုင်းလိုက်ပြီ။ ညီတော် တခြားဘယ်သူ့ကိုမဆို‌ ရောင်းလို့ရပါပြီ။ ဒါကိုမှ မကျေနပ်သေးရင် အစ်ကိုတော့်ရဲ့ အသိအကျွမ်းစာရင်းထဲကပါ ပယ်ဖျက်ပေးမယ်။ ဟုတ်ပြီလား ညီတော်လေး ” ဟု လီခယ့်က နှစ်သိမ့်အားပေးသည်။

လီခယ့်ပြောသောစကားသည် စိတ်ရင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ သို့သော်လည်း ထိုသို့လုပ်လျှင် သဘောထားသေးသိမ်ရာ ကျပေမည်။ ထို့ကြောင့် -

“ ရပါတယ်။ အဲ့လောက်ထိတော့လည်း မလိုအပ်ပါဘူး။ ကုန်သည်စီးပွားရေးသမားဆိုတော့ စီးပွားဆန်တာ လူ့သဘာဝပါပဲ။ ဒီတစ်ခေါက်ကိုတော့ ထားလိုက်ပါ့မယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကိစ္စကို စိတ်ထဲ စွဲစွဲမြဲမြဲမှတ်ထားပါ။ နောက်ဆိုရင် လုပ်သမျှ အရာအားလုံး စံအိမ်တော်ကလူတွေနဲ့ တိုင်ပင်ပါ။ အခုလို အငိုက်မိရတာမျိုး ကိုယ်တော် ထပ်မဖြစ်ချင်တော့ဘူး ” ဟု လီယင်က ထုံနျန်အား သတိပေးလိုက်လေသည်။

“ ညီတော် ပြောသလိုပဲ။ ဒီထုံနျန်ဟာ ရှုစံအိမ်တော်မှာ စိတ်ကြိုက်သွားလာလို့ရတယ်ဆိုတာနဲ့ပဲ တဖြည်းဖြည်း မလေးမစားဖြစ်လာပြီ။ နောက်တစ်ခါဆိုရင်တော့ အစ်ကိုတော့်အတွက် ဘာမှ ထည့်မတွက်ပါနဲ့ ညီတော်။ သူနဲ့ပတ်သက်သမျှ ညီတော် ကြိုက်သလိုသာ စီမံပါ ” ဟု လီခယ့်ကပါ ထပ်မံပြောကြားလိုက်လေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now